ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ရှိ ရွှေဥမင်သဘာဝလိုဏ်ဂူတော်ဘုရားနှင့် ကျေးဇူးရှင်ကုံလုံကျောင်း ဆရာတော် ရုပ်ကလာပ်တော်ထားရှိရာ စဉ့်ကျောင်းတော်အား ပြန်လည်ဖွင့်လှစ်

ပင်းတယ ဇန်နဝါရီ ၁

ရှမ်းပြည်နယ် (တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသပင်းတယမြို့ရှိ ရှေးဟောင်းသမိုင်းဝင် ရွှေဥမင် သဘာဝ လိုဏ်ဂူတော်ဘုရားနှင့် ကျေးဇူးရှင်ကုံလုံကျောင်းဆရာတော် ရုပ်ကလာပ်တော်ထားရှိရာ စဉ့်ကျောင်းတော်အား ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ပြီ ဖြစ်ကြောင်း သိရသည်။

ရှေးဦးစွာ ရွှေဥမင်သဘာဝလိုဏ်ဂူတော်ဘုရားရှိ ဗုဒ္ဓရုပ်ပွားတော်များနှင့်စေတီပုထိုးတော်များအား အနေကဇာတင်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၆ နာရီကပင်းတယမြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် အရှင်စန္ဒောဘာသ နှင့် ဆရာတော်များက ရွတ်ဆိုအနေကဇာတင်တော်မူသည်။

ဆက်လက်၍ ရွှေဥမင်ဘုရားအပေါ်ပစ္စယံရင်ပြင်တော်၌ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ မြို့နယ်သံဃနာယက ဆရာတော်နှင့် အဖွဲ့ဝင်သံဃာတော်များအား အာရုံဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြပြီး၊ ဆရာတော်များအား ကန်တော့ကြ ၍ ငါးပါးသီလ ခံယူဆောက်တည်ကြကာ လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ ကြောင်း သိရသည်။ 

ယင်းနောက်ကုံလုံဆရာတော်ကြီး၏ ရုပ်ကလာပ်ထားရှိရာ စဥ့်စံကျောင်းတော်အနီးရှိ ဓမ္မာရုံတွင် ပင့်ဖိတ်၍ ကြွရောက် တော်မူလာကြကုန်သော မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဌနှင့်ပင့် သံဃာတော်များ၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင် များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကုံလုံစဥ့်စံကျောင်း ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များကနမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ကြသည်။

ထို့နောက် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကုံလုံစဉ့်ကျောင်း ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဆရာတော် သံဃာတော် များအား ကန်တော့ကြကာ ဆရာတော်အရှင်စန္ဒောဘာသထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ဆက်လက်ပြီးဆရာတော်၊ သံဃာတော် အရှင်သူမြတ်များက စဉ့်ကျောင်းတော်အား အန္တရာယ်ကင်း ပရိတ်တရားတော်များကို ရွတ်ဖတ်သရဇ္ဇျာယ်ကြပြီး ဆရာတော်များအား နေ့ဆွမ်းဆက်ကပ်၍ လှူဒါန်း မှုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ရှိ ရွှေဥမင်သဘာဝလိုဏ်ဂူတော်ဘုရားနှင့် ပင်းတယမြို့နယ် ထယ်သွန်း ကျေးရွာအနီး ကျေးဇူးရှင်ကုံလုံကျောင်းဆရာတော် ရုပ်ကလာပ်တော်ထားရှိရာ စဉ့်ကျောင်းတော်အား ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားစဉ်ကာလအတွင်း၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် ဖွင့်လှစ်ပေးခဲ့ပြီး၊ ၂၀၂၁ခုနှစ် ဇူလိုင် ၇ ရက်နေ့တွင် ပြန်လည်ပိတ်ထားခဲ့ရာမှ ယနေ့မှစတင်ပြီး ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်၍ ရွှေဥမင်သဘာဝလိုဏ်ဂူတော် ဘုရားနှင့်ကုံလုံကျောင်းတိုက် ဆရာတော်ထားရှိရာ စဉ့်ကျောင်းတော်အား ကျန်းမာရေဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ  အများပြည်သူများ လာရောက်ဖူးမြော်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။ 

ပင်းတယ (ဒေသပြန်/ဆက်)