တံတားဦး ဇန်နဝါရီ ၁
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်းပြီး (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ စာကြည့်တိုက် Community Centre ခန်းမ၌ ကျင်းပကြောင်း သိရသည်။
အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဘိုမောင်က အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များ ရှင်းလင်း ပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အစုအဖွဲ့များနှင့် ပူးပေါင်းတက်စေရန်၊ အသိဉာဏ်ပညာ ဖွံ့ဖြိုးပြီး ထူးချွန်ထက်မြက်သည့် လူငယ်လူရွယ်လေးများ ပေါ်လာ ထွန်းလာစေရေး စသည့်ရည်ရွယ်ချက်များကို ပြောကြားသည်။
ထို့နောက် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း၊ အသင်းဝင် စာရေးဆရာ ကိုခန့် (တံတားဦး)က အမှတ်ပေးစည်းမျဉ်းများနှင့် အမှတ်ပေးရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားပြီး အခြေခံပညာဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများက “ လွတ်လပ်ရေးနေ့ တို့မမေ့ “ ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ် ပြိုင်ကြသည်။
စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို အလှူရှင် ဦးလူသစ် (သာယာဦး ဆောက်လုပ်ရေးမန်နေဂျာ) ဇနီး ဒေါ်မာမာမြင့် မိသားတို့က ကူညီပံ့ပိုး ပေးကြောင်း၊ ဆုရရှိသူများကို ယနေ့မွန်းလွဲပိုင်းတွင် ဆက်လက်၍ ဆုများအသီးသီး ချီးမြှင့်မည်းဖြစ်ကြောင်းနှင့် ပြိုင်ပွဲတွင် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၅)ဦး ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည် ။
ရဲတင့်(တံတားဦး)