မိုင်းယု ဇန်နဝါရီ ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့ရှိ ကုန်စုံဆိုင်၊ ဈေးဆိုင်များနှင့် စားသောက်ဆိုင်များအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ရောင်းချမှုရှိစေရေးအတွက် ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က မြို့ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီအဖွဲ့မှ လိုက်လံ ကွင်းဆင်းစစ်ဆေး ခဲ့ကြသည်။
အဆိုပါစစ်ဆေးခြင်းကို မြို့ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီဥက္ကဌ ဦးအောင်ပြည့်ဖြိုး၏ ကြီးကြပ်မှုဖြင့် နေ့လယ်ပိုင်း ဖွင့်လှစ်ရောင်းချသည့် ဈေးဆိုင်များ စစ်ဆေးမှုကြီးကြပ်ရေးအဖွဲ့ဝင်များဖြစ်သည့် ထွေ/အုပ်၊ စည်ပင်၊ ရဲတပ်ဖွဲ့၊ ပြန်/ဆက်၊ ကျန်းမာရေး၊ မီးသတ်၊ မွေး/ကုနှင့် သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်၍ အများပြည်သူသွားလာကြသည့် ကုန်စုံဆိုင်၊ ဈေးဆိုင်၊ စားသောက်ဆိုင်နှင့် ကွမ်းယာဆိုင်များအား ဆိုင်ရှေ့ ခြောက်ပေအကွာ ကြိုးတန်း၍ အဝင်ဝတွင် လက်ဆေးရည် (Hand Gel)များ ထားရှိစေရေး၊ ဈေးဝယ်သူနှင့် ရောင်းသူများအနေဖြင့် နှာခေါင်းစည်း (Mask)တပ်ဆင်၍ ခြောက်ပေအကွာတွင် ပြောဆိုကာ ဈေးဝယ်/ ရောင်းချ ပြုလုပ်စေရေး၊ လူစုလူဝေး မဖြစ်စေရေးတို့ကို လိုက်လံစစ်ဆေးခဲ့ကြပြီး ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး ပြောကြားခဲ့ကြကြောင်း သိရသည်။
မိုင်းယုမြို့တွင် ဈေးဆိုင်များ ဖွင့်လှစ်ခြင်း၊ ဈေးဝယ်ခြင်းနှင့် သွားလာမှုများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်ထားမှုရှိ/ မရှိကို တာဝန်ရှိသူများက အပတ်စဉ် ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိပြီး လိုက်နာမှုမရှိပါက သတိပေးအရေးယူမှုများဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီထံမှ သိရသည်။
အားချာ