တံတားဦး ဩဂုတ် ၂၄
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်၊ ရေခါးကျေးရွာအုပ်စု၊ ဥမှင်ကျေးရွာတွင် သန့်ရှင်းသောသောက်သုံးရေရရှိရေးရည်ရွယ်ချက်ဖြင့် စက်ရေတွင်းတူးဖော်ခြင်း ရေစက်ရုံတည်ဆောက်ခြင်းနှင့် ရေဂါလံ (၅၀၀၀) ဆံ့ ရေစုကန် တည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်ပြီးစီးမှုကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းနီနှင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ယနေ့မွန်းလွဲ (၁) နာရီက ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။
တံတားဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာများ သန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက် ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပေးသည့်အပြင် ကျေးရွာချင်း ဆက်လမ်းများ၊ ကုန်ထုတ်လမ်းများ၊ ကျေးရွာတွင်းလမ်းများ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုတူးဖော်ပေးသည့် ဥမှင်ကျေးရွာ စက်ရေတွင်းသည် (၄) လက်မတွင်းတိမ်တွင်းပေါင်း (၅) တွင်း၊ ရေဂါလံ(၂၄၀၀)ဆံ့ အလျား(၁၀)ပေ အနံ (၈)ပေ၊ အမြင့်(၈)ပေရှိ ရေစက်ရုံတစ်ရုံနှင့် ရေဂါလံ (၅၀၀၀) ဆံ့ အုတ်ရေကန်မှ (၂) လက်မ PVC ရေပိုက် အရှည် (၁၁၇၃၆) ပေအား သွယ်တန်းခြင်းများ ပါဝင်ပါကြောင်း၊ အဆိုပါလုပ်ငန်းပြီးစီးပါက ဥမှင်ကျေးရွာရှိ အိမ်ခြေ (၂၀၅) အိမ်ကို သောက်သုံရေဖူလုံစွာ ရရှိနိုင်မည်ဖြစ်ကြောင်း၊ ကုန်ကျငွေအားဖြင့် ငွေကျပ်သန်းပေါင်း (၃၇ဒသမ၉၃၃၅) ဖြစ်ကြောင်း၊ တံတားဦးမြို့ နယ်အနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကျေးလက်ရေရရှိရေးလုပ်ငန်း (၆) ရွာဆောင်ရွက်မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ဌေး၏ ပြောကြားချက်အရ သိရသည်။
ရဲတင့်(တံတားဦး-ပြန်/ဆက်)