ပျော်ဘွယ်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ဘုမကုန်းကျေးရွာတွင် ဒုတိယအကြိမ် ချောင်းရေများဝင်ရောက်

ပျော်ဘွယ် သြဂုတ် ၂၄

ပျော်ဘွယ်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းခြင်း၊ ချောင်းကောက်ချောင်းရေလျှံခြင်း၊ ချောင်းကောက်ဆည်အောက်ရှိကုန်းစီးရေများကျဆင်းခဲ့မှုကြောင့် မြို့နယ်အတွင်းရှိ အနိမ့်ပိုင်းကျေးရွာများဖြစ်သည့် ဧကရာဇ်ကုန်း ကျေးရွာအုပ်စု၊ ဘုမကုန်းကျေးရွာသို့ ယနေ့နံနက် (၇) နာရီခွဲ အချိန်ခန့်တွင် ရေများဝင်ရောက်မှုကြောင့် အိမ်ခြေအချို့တွင် (၂) ပေခန့် နစ်မြုပ်ခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ ချောင်းရေဝင်ရောက်မှုကြောင့် ဘုမကုန်းကျေးရွာတွင် အိမ်ခြေ (၆၀) ခန့်မှာ ရေနစ်မြုပ်ခဲ့ပြီး ရေလွတ်ရာနေရာများသို့ ခေတ္တပြောင်းရွှေ့ထားကြောင်း၊ ဘုမကုန်းကျေးရွာသည် သြဂုတ်လအတွင်း ဒုတိယအကြိမ်မြောက် ရေများဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ လူနှင့်တိရိစ္ဆာန်များထိခိုက်မှုမရှိကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများမှလည်း လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)