ကျွန်းစုမြို့တွင် မိုးစပါးမျိုးစေ့ထုတ် လယ်ဧက (၇၀) အတွက် ပထမအရစ်ထောက်ပံ့ပေးအပ်

ကျွန်းစု ဩဂုတ် ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် နိုင်ငံတော်က ကိုဗစ် - ၁၉ စီးပွားရေးကုသမှုအစီအစဉ်ဖြင့် မျိုးသန့်မျိုးစေ့ထုတ် တောင်သူများအား ယနေ့နံနက် (၁၀) နာရီခွဲအချိန်က မြို့နယ်စိုက်ပျိုးရေးရုံး၌ မိုးစပါးမျိုးစေ့ထုတ် လယ်ဧက (၇၀) အတွက် ပထမအရစ် ငွေကျပ် (၅၈၄၅၀၀၀) ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြိတ်ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးစေ့တာဝန်ခံ ဦးမင်းမင်းထွန်းက ကိုဗစ် - ၁၉ ဖြစ်ပွားနေမှုများကြောင့် စားနပ်ရိက္ခာများ ပြည်တွင်းတွင် ပြတ်လတ်နေမှုမရှိစေရေး ကြိုတင်ဆောင်ရွက်သည့်အနေဖြင့် မိုးစပါးများ နည်းစနစ်တကျစိုက်ပျိုး၍ မျိုးသန့်မျိုးစေ့များ ကျယ်ကျယ်ပြန့်ပြန့်ထုတ်လုပ်သုံးစွဲနိုင်ရေးနှင့် စပါးမျိုးစေ့များအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမိုးအောင်က ကျွန်းစုမြို့နယ်တွင် စပါးစိုက်ပျိုးသည့် လယ်ယာ(၁၃၀၅၄)ဧကရှိရာ စိုက်ပျိုးရေးဦးစီးဌာနက သတ်မှတ်ချက်များနှင့်ကိုက်ညီသောလယ်ဧက (၇၀) ရှိပြီး ၎င်းတို့အတွက် (၁) ဧကလျှင် (၁၄၈၅၀၀) ထောက်ပံ့ပေးအပ်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထိုနောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဌေးက သန္တုတ်ကျေးရွာတွင် စပါးမျိုးစေ့ထုတ်လုပ်သူ တောင်သူ ဦးထွန်းဝေအား လယ် (၃၅) ဧကအတွက် (၂၉၉၂၅၀၀) ကျပ်ကိုလည်းကောင်း၊ မြို့နယ်စီမံကိန်းဦးစီးမှူး ဦးစိုးနိုင်က အုတ်ဖိုမော်ကျေးရွာ စပါးမျိုးစေ့ထုတ်လုပ်သူ တောင်သူ ဦးအောင်ဆန်းအေးတို့အား လယ်(၃၅)ဧကအတွက် (၂၉၂၂၅၀၀)ကျပ်အားလည်းကောင်း၊ စုစုပေါင်း ပထမအရစ်ဖြင့် (၅၈၄၅၀၀၀) ကျပ်တို့အားပေးအပ်ခဲ့ပြီး ကျန်ရှိနေသော ထောက်ပံ့ငွေများကို ဒုတိယအရစ်ဖြင့်လာမည့်လတွင် ပေးအပ်သွားမည်ဖြစ်သည်။

အဆိုပါ လယ်ဧက (၇၀) သည် စိုက်ပျိုးရေးဦးစီးဌာနမှ ချမှတ်ထားသော မျိုးစေ့၊ စိုက်ပျိုးနည်း၊ စည်းကမ်းချက်များနှင့် ကိုက်ညီမှုရှိပြီး သက်ဆိုင်ရာဌာနများက ကဏ္ဍအသီးသီးမှထောက်ခံမှုများရရှိ၍ ထောက်ပံ့ငွေများပေးအပ်ရခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

စည်သူရအောင်(ကျွန်းစု)