ပိုင်ကျုံမြို့ နောင် ခွီးကျေးရွာအုပ်စု နောင်ဒိုင်း-သောင့်တော် ကျေးရွာချင်းဆက် မြေသားလမ်း ဖောက်လုပ်

ပိုင်ကျုံ ဇန်နဝါရီ ၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့အတွင်းရှိ ပြည်သူများ၏ လူနေမှုဘဝ တိုးတက်မြင့်မားလာစေရေးနှင့် သွားလာရေး အဆင်ပြေစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ နောင်ခွီးကျေးရွာအုပ်စု နောင်ဒိုင်း-သောင့်တော် ကျေးရွာချင်းဆက် မြေသားလမ်း ဖောက်လုပ်ခြင်း လုပ်ငန်းကို နို၀င်ဘာလ ၁၄ ရက်နေ့တွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ယမန်နေ့တွင် (၅၀)ရာခိုင်နှုန်းခန့် ပြီးစီးနေပြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြေသားလမ်းသည်   ၁ မိုင် ၁ ဖာလုံ ထု ၂ ပေ ၉ လက်မ၊ အကျယ် ပေ ၃၀ ရှိပြီး မြေသားလမ်းဖောက်လုပ်ခြင်းကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်  ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ခွင့်ပြုရန်ပုံငွေကျပ် (၄၆၀)သိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း၊ ယင်းလမ်းဖောက်ခြင်း လုပ်ငန်းများ အချိန်မီပြီးနိုင်ရေးအတွက် ကရင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာ၀န်ရှိသူတို့က အနီးကပ်ကြီးကြပ်မှုဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လုပ်ငန်းများ ပြီးစီးပါက ပိုင်ကျုံမြို့အတွင်းရှိ ဒေသခံပြည်သူများနှင့် ကျေးရွာအတွင်းရှိ ကျေးလက်နေ ပြည်သူများအနေဖြင့် ဥတုသုံးပါးစလုံး လမ်းပန်းဆက်သွယ်ရေး  အဆင်ပြေ လွယ်ကူစွာ သွားလာနိုင်သည့်အပြင် ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပိုမိုလွယ်ကူ အဆင်ပြေလာမည်ဖြစ်ကြောင်း သိရသည်။

ပိုင်ကျုံ (ပြန်/ဆက်)