ကျောက်ဆည် ဩဂုတ် ၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါက်တာ ရီမွန်အေးနှင့်ဝန်ထမ်းများသည် ပေတောကြီးအုပ်စု၊ တံတားဦးကုန်းကျေးရွာဓမ္မာရုံတွင် ယနေ့နံနက် (၁၀) နာရီက ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ သိုး၊ ဆိတ်တစ်ပိုင်တစ်နိုင်မွေးမြူထားသည့် တောင်သူများနှင့်တွေ့ဆုံပြီး မွေးမြူရေးနည်းလမ်းများအကြောင်း အသိပညာပေးဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ကျောက်ဆည်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါက်တာ ရီမွန်အေးက သိုး၊ ဆိတ်များ မွေးမြူမည်ဆိုပါက ဦးစွာ မျိုးကောင်း၊ မျိုးသန့်မျိုးများ ရှာဖွေမွေးမြူကြစေလိုကြောင်း၊ မြန်မာနိုင်ငံတွင် မွေးမြူလျက်ရှိသည့် ဆိတ်မျိုးများအကြောင်းနှင့် ဆိတ်ခြံတည်ဆောက်ခြင်းလုပ်ငန်းများအကြောင်းနှင့် ဒုတိယဦးစီးမှူး ဒေါက်တာအောင်ရဲနိုင်က သားစပ်ခြင်းဆိုင်ရာနည်းလမ်းများနှင့် မျိုးပွားနည်း စနစ်များအကြောင်း၊ သိုး၊ ဆိတ်များတွင် ဖြစ်ပွားတတ်သော ရောဂါလက္ခာဏာများနှင့် ကုထုံးများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာကြသည့် မွေးမြူရေးတောင်သူများက ၎င်းတို့သိရှိလိုသည့် အကြောင်း အရာများကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ သိုး၊ ဆိတ်မွေးမြူရေးနည်းလမ်းအကြောင်းကို ပုထိုးနီကျေးရွာတွင်လည်း ပြုလုပ်ခဲ့ကြောင်း သိရှိရပြီး သိုး၊ ဆိတ်မွေးမြူရေးသည် ကျေးလက်နေပြည်သူများအတွက် အရင်းအနှီးအနည်းဆုံးနှင့် မိသားစုဝင်ငွေ ရရှိရေးအတွက် သေချာသောလုပ်ငန်းတစ်ခုဖြစ်ကြောင်းနှင့် အာမခံချက်ရှိသော လုပ်ငန်းတစ်ခုဖြစ်ကြောင်းလည်း သိရှိရကာ ထိုသို့ သိုး၊ ဆိတ် မွေးမြူရေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝပိုမိုတိုးတက်လာမည်ဖြစ်ကြောင်းလည်း သိရသည်။
သက်မောင်(ကျောက်ဆည်)