နောင်ချိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ဗီဇမျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာ ပေးနှိုးဆော်

နောင်ချို ဒီဇင်ဘာ ၂၉ ရက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါဗီဇမျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ညနေ ၄ နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်ယာဉ်ကြီးကြပ်မှု ကော်မတီတို့ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များ အတွင်း အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်လျက် ရှိကြောင်း သိရသည်။

ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန် ကူးစက်ပျံ့နှံ့မှုသည် ရက်ပိုင်းအတွင်း နိုင်ငံအရေအတွက် ပိုမိုများပြားလာခြင်း၊ အိုမီခရွန် မျိုးကွဲသစ်သည် မူလကိုဗစ်-၁၉နှင့် လုံးဝမတူတော့ခြင်း၊ လက်ရှိကာကွယ်ဆေးများ၏ ထိရောက်မှုလျော့ကျနိုင်ခြင်း၊ ယခင်ကိုဗစ်-၁၉ ရောဂါဖြစ်ဖူး သူများလည်း ထပ်မံဖြစ်ပွား နိုင်ခြင်းနှင့် ရောဂါကူးစက်မှု ပိုမိုမြန်ဆန်ခြင်းတို့ကြောင့် ပြည်သူလူထုအနေဖြင့် ပြင်ပ မှဧည့်သည်များ လက်မခံပါရန်နှင့်အခြားသူများထံ သွားရောက်ခြင်းမပြုရန်၊ တတ်နိုင်သမျှ အိမ်မှာနေရန်၊ အပြင်ထွက်တိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို စနစ်တကျတပ်ဆင်၍ သွားလာကြရန်၊ လက်ကိုမကြာ ခဏ ဆပ်ပြာနှင့်စနစ်တကျ စက္ကန့် (၂၀)ကြာ ဆေးကြောကြရန်၊ လူထူထပ်သော နေရာများသို့ သွားရောက်ခြင်း မှရှောင်ကြဉ်ရန်၊ နှာခေါင်းစည်း(Mask) မတပ်ဆင်ထားသောသူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန်၊ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို အကြိမ်ပြည့် ထိုးနှံရန်၊ ကာကွယ်ဆေးထိုးနှံပြီး သော်လည်း ကာကွယ်ရေးနည်းလမ်းများကို ဆက်လက်လိုက်နာကြရန်၊ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးလုပ် ငန်းလမ်းညွှန်ချက်များနှင့်အညီ တိကျစွာလိုက်နာဆောင်ရွက်ကြရန်၊ တတ်နိုင်သမျှ ပြည်သူ အားလုံး ပူးပေါင်းဆောင်ရွက်ကြရန် စသည့်အသိပညာပေး လုပ်ငန်းများကို လှည့်လည် အသိပေးနှိုးဆော်ခဲ့ကြသည်။

ထွေးငယ် (ပြန်/ဆက်)