ဒဂုံမြောက် ဩဂုတ် ၂၄
ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားစေရန် မြိို့နယ်အတွင်း လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး မြို့နယ်ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးက "မိမိတို့မြို့နယ်အတွင်း ပြည်သူများ အနေဖြင့် ယခင်က ရန်ကုန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မတွေ့ရှိရဘဲ နိုင်ငံခြားမှ ပြန်လည် ဝင်ရောက်သူများတွင်သာ ကူးစက်မှုများ တွေ့ရှိရသဖြင့် စည်းကမ်းလိုက်နာမှု ပေါ့လျော့မှုများရှိခဲ့ ကြောင်း၊ ယခုအခါ ပြည်တွင်းကူးစက်မှုများ တွေ့ရှိရသဖြင့် မိမိတို့ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားစေရေးအတွက် စျေးများ၊ လူစည်ကားရာနေရာများနှင့် နှာခေါင်းစည်းများ တပ်ဆင်ရေးအတွက် အသိပညာပေးဆောင်ရွက်သွားရန်၊ လက်ဘက်ရည်ဆိုင်၊ စားသောက်ဆိုင်များကိုလည်း ထပ်မံစစ်ဆေး ဆောင်ရွက်သွားရန်၊ အထူးသဖြင့် ပျံကျစျေးများတွင် စျေးရောင်းစျေးဝယ် သူများ စည်းကမ်းလိုက်နာမှုရှိစေရေး စျေးသာယာရေးကော်မတီဝင်များမှ အသိပညာပေး ဆောင်ရွက်သွားရန် လိုအပ်ကြောင်း" တို့ကို ဆွေးနွေး ပြောကြားသည်။
ထို့နောက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များမှ ကဏ္ဍအလိုက် အသီးသီး ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို နံနက် ၁၁ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မြင့်မြင့်ရီ(ပြန်/ဆက်)