ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေဇယားနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲ ကျင်းပ ညောင်ရွှေမြို့နယ်အတွင်း ယနေ့အထိလူဦးရေစုစုပေါင်း (၁၂၂၁)ဦးအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးပြီးဖြစ်

ညောင်ရွှေ  ဒီဇင်ဘာ  ၂၇

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံးသည် ပန်းခင်းစီမံချက်ဖြင့် မြို့နယ်အတွင်းရှိ အရွယ်ရောက်ပြီးသူ နိုင်ငံသားအရည်အချင်း ပြည့်ဝသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်း၊ ပျောက်ဆုံးပျက်စီးမှုများအတွက် မိတ္တူထုတ်ပေးခြင်း၊ လှဲလှယ်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေဇယား ရေးသွင်းပေးခြင်း လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ အိမ်ထောင်စု လူဦးရေဇယားနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ပွဲကို ယမန်နေ့နံနက် (၁၁)နာရီက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တောင်ကြီးခရိုင် ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းမင်းဇော်က ပန်းခင်းစီးမံချက်ဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တောင်ကြီးခရိုင် ဦးစီးမှူး ဦးမင်းမင်းဇော်နှင့် ညောင်ရွှေမြို့နယ်ဦးစီးမှူး ဦးဇော်ဇော်ဝင်းတို့က နိုင်ငံသားစိစစ်ရေးကတ်ပြားများ အသီးသီးပေးအပ်ခဲ့ကြပြီး သက်ဆိုင်ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့ကြသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် ယနေ့အထိ ညောင်ရွှေမြို့နယ်အတွင်း နိုင်ငံသားအရည်အချင်း ပြည့်ဝသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်း၊ ပျောက်ဆုံးပျက်စီးမှုများအတွက် မိတ္တူထုတ်ပေးခြင်း၊ လဲလှယ်ပေးခြင်းတို့အတွက် စုစုပေါင်း လူဦးရေ (၁၂၂၁)ဦးအား ဆောင်ရွက်ပေးခဲ့ ပြီးဖြစ်ကြောင်းနှင့် ကျန်ရှိနေသူများအတွက် ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း  သက် ဆိုင်ရာဌာနမှ သိရှိရသည်။

စိုင်းအယ်ဘဲ