ကလိန်အောင် ဒီဇင်ဘာ ၂၇
ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့အတွင်းရှိ အသက် (၁၈) နှစ်နှင့်အထက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး မထိုးနှံရသေးသော ပြည်သူများနှင့် (ဒုတိယအကြိမ်) ထိုးနှံရန် ကျန်ရှိသူများအား ကာကွယ်ဆေးဆက်လက်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်ခန့်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကလိန်အောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင်အသက် (၁၈) နှစ်နှင့်အထက် ကာကွယ်ဆေး မထိုးနှံ ရသေးသောပြည်သူ (၅၅) ဦး၊ (ဒုတိယအကြိမ်) ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူပြည်သူ (၅) ဦး၊ စုစုပေါင်း (၆၀) ဦးတို့အား ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းနှင့် ကာကွယ်ဆေးထိုး မှတ်တမ်းရေးသွင်းခြင်းများဆောင်ရွက်ပေးပြီး ကျန်းမာရေးကောင်းမွန်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စနစ် တကျ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ကလိန်အောင်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့ဝင်များက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မိုးမိုးခိုင်