မိုးညှင်းမြို့၌ သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်လာပါက ကယ်ဆယ်ရေးလုပ်ငန်းများအတွက် အသုံးပြုမည့်ပစ္စည်းများ ခင်းကျင်းပြသ

မိုးညှင်း  ဒီဇင်ဘာ  ၂၆

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့၌ သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်လာပါက ကယ်ဆယ်ရေးလုပ်ငန်းများအတွက် အသုံးပြုမည့်ပစ္စည်းများအား ခင်းကျင်းပြသခြင်းကို ဒီဇင်ဘာ (၂၅)ရက် နံနက်ပိုင်းက ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ခရိုင်မီးသတ် ဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်လာက အချိန်နှင့်တပြေးညီ ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်နှင့် ပြည်သူများ အသက်အိုးအိမ်စည်းစိမ်းများ ဆုံးရှုံးမှုမဖြစ်ပေါ်လာစေရန်ရည်ရွယ်ပြီး ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်စိုးသန်းဦးဆောင်သည့် တပ်ဖွဲ့ဝင်များက ညအချိန်အခါတွင် အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း၌ အသုံးပြုရသော ပစ္စည်းများကိုလည်းကောင်း၊ ရေကြီး ရေလျှံများ ဖြစ်ပွားချိန်တွင် လူ့အသက်အန္တရာယ်များအား ရေဘေးမှကယ်ဆယ်နိုင်ရန် အသုံးပြုရသောပစ္စည်းများကိုလည်းကောင်း၊ ရေတွင်း ရေမြောင်းများနှင့် ရေပြင်တွင် ရေနှစ်နေသူများအား အသက်ကယ်ဆယ်ရာတွင် အသုံးပြုရသောပစ္စည်းများကို လည်းကောင်း၊ မော်တော်ယာဉ်များ တိမ်းမေှာက်မှုနှင့် အရေးပေါ်သံထည်ပစ္စည်းများ ဖြတ်တောက်ရာတွင် အသုံးပြုရသောပစ္စည်းများကိုလည်းကောင်းစသည် အသက်ကယ်ဆယ်ရေးနှင့် ဆက်စပ်သည့် ပစ္စည်းအမျိုးမည်ပေါင်း (၃၀)ကျော်တို့ကို ခင်းကျင်းပြသခဲ့သည်။

အဆိုပါ ပစ္စည်းများခင်းကျင်းပြသရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးညီညီလွင် ဦးဆောင်သည့်အဖွဲ့ဝင်များက တက်ရောက်ကြပြီး ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ရေးပစ္စည်းများ သိုလှောင်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည် များကို မှာကြားခဲ့ကြောင်း သိရသည်။

ဇွဲသူရအောင်(ခရိုင် ပြန်/ဆက်)