မန့်ဟီးရိုး ဩဂုတ် ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့၊ ရပ်ကွက်(၁)တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် မဲပေးနိုင်ရေးအတွက် အသက်(၁၈)နှစ်ပြည့်ပြီး ကိုင်ဆောင် လက်မှတ်မရှိဟု ဖော်ပြ ထားသူ များအား သစ္စာစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် (၉)နာရီအချိန်က ပြုလုပ် ခဲ့သည်။
ယင်းသို့ကွင်းဆင်းဆောင်ရွက်ရာ မန့်ဟီးရိုးမြို့လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ ဒု-လဝကမှူး ဦးလှတင်နှင့် ဝန်ထမ်းများသည် နယ်စပ်ဒေသရှိပြည်သူများ ၂၀၂၀ပြည့်နှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသည့် နိုင်ငံသားများ အခွင့်အရေးမဆုံးရှုံးစေရေး အတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်မှ ပေးပို့လာသောမဲစာရင်းတွင် အိမ်ထောင်စုလူဦးရေ စာရင်းရှိပြီး ကိုင်ဆောင် လက်မှတ် မရှိသူများကို လာရောက် ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်းနှင့် မန့်ဟီးရိုးမြို့အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများအရောက် လိုက်လံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရပ်ကွက်(၁)အတွင်းရှိ ဒေသခံပြည်သူများအနက် ကျား(၁၂)ဦးနှင့် မ(၁၂)ဦး စုစုပေါင်း (၂၄)ဦးမှာ မဲစာရင်းတွင် ကိုင်ဆောင်လက်မှတ် မရှိဟု စာရင်းပေါက်သော်ငြားလည်း ယခုပြန်လည်စိစစ်ရာတွင် အဆိုပါပြည်သူများမှာ ကိုင်ဆောင်လက်မှတ်များရရှိပြီး ဖြစ်သဖြင့် သက်သေခံကတ်ပြားနံပါတ်များကိုသာ မဲစာရင်းတွင် ပြန်လည်ဖြည့်သွင်းပေးခဲ့ရကြောင်း ဒုလဝကမှူး ဦးလှတင်ထံမှ သိရှိရသည်။
စန္ဒာ(ပြန်/ဆက်)