တနင်္သာရီမြို့နယ်၊ သိန္ဓောကျေးရွာအုပ်စုအတွင်း ကျန်းမာရေးအသိပညာပေးပြီး အသက် (၆၀) အထက် အဖိုးအဖွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေး

တနင်္သာရီ  ဩဂုတ် ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ဆရာကြီး ဒေါက်တာ အောင်သိုက်ထွန်းသည် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနတို့မှ  လက်ထောက်ဆရာဝန် ဒေါက်တာ အောင်ချမ်းသာနှင့် ဆရာမ (၆) ဦး လိုက်ပါ၍ ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်က မြို့နယ်နှင့်အလှမ်းကွာဝေးပြီး လက်လှမ်းမမှီသော အစွန်အဖျားကျေးရွာများသို့ ဦးစားပေးအစီအစဉ်အရ သိန္ဓောကျေးရွာအုပ်စု-သိန္ဓောကျေးရွာနှင့် ရေပူကျေးရွာ ဘုန်းကြီးကျောင်းဓမ္မာရုံအတွင်း ဒေသခံပြည်သူများအား ကျန်းမာရေးအသိပညာပေးဟောပြော၍ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးကြောင်း သိရှိရသည်။

မြို့နှင့်အလှမ်းကွာဝေးပြီး သွားလာရေးခက်ခဲသော သိန္ဓောကျေးရွာနှင့်ရေပူကျေးရွာတို့တွင်  မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်သိုက်ထွန်းက ကိုဗစ်-၁၉  ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လိုက်နာရမည့်အချက်များနှင့် ကျန်းမာရေးဆိုင်ရာများအား အသိပညာပေးဟောပြောဆွေးနွေးပေးသည်။ ထို့နောက် အသက် (၆၀) နှင့်အထက် အသက်ကြီးအရွယ်အိုများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ကျန်းမာရေးစမ်းသပ်စစ်ဆေးပေးပြီး၊ သိန္ဓောကျေးရွာတွင် သံဃာတော် (၄) ပါး၊ ဒေသခံ (၇၀) ဦးနှင့် ရေပူကျေးရွာတွင် (၄၀) ဦးတို့အား အခမဲ့ဆေးကုသမှုပေးခဲ့ကြောင်း မြို့နယ်ဆရာဝန်ကြီးထံမှ သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)