လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေး

လှိုင်သာယာ(အနောက်ပိုင်း) ဒီဇင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်တွင် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်‌ထောင်စု လူဦး‌ရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးနိုင်ရေးအတွက် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြိုနယ်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးကိုကိုနှင့် ဝန်ထမ်းများက ယနေ့ နံနက်(၈)နာရီအချိန်တွင် အမှတ်(၁၄)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ ကွင်းဆင်းပြုလုပ်ပေးခဲ့သည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ပေးရာတွင် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆိုသည့် ဆောင်ပုဒ်နှင့် အညီ လက်ရှိဒေသ၌ အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေ စာရင်းမရှိ/ ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး လက်ရှိဒေသ၌ ကိုင်ဆောင်လက်မှတ်မရှိသူများ အတွက် ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသ/ လက်ရှိဒေသတွင် အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ အိမ်ထောင်စု စာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများအတွက် ဆောင်ရွက်ပေးခြင်း စသည့် နည်းလမ်းများ ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဦးစီးမှူးရုံးမှ ကွင်းဆင်း ဆောင်ရွက်ပေးရာတွင် ရပ်ကွက်နေပြည်သူများ အဆင်ပြေစွာ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်‌ပေးနိုင်ရန် ရည်ရွယ်၍ ရပ်ကွက်၊ ကျေးရွာများအရောက် စာရင်းများ ကွင်းဆင်းကောက်ယူ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ဆက်လက်၍လည်း ရပ်ကွက်၊ ကျေးရွာများအလိုက် စာရင်းကောက်ယူခြင်း၊ နိုင်ငံသာစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝေဝေ(ပြန်/ဆက်)