ကျောက်ဆည် ဒီဇင်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး (၇၄)နှစ် မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ယနေ့နံနက်ပိုင်းက ကဗျာရွတ်ပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲကို ခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကျောင်းသား၊ ကျောင်းသူများ အသိဉာဏ်ဖွံ့ဖြိုးပြီး ထူးချွန်ထက်မြက်သည့်လူငယ်များ ပေါ်ပေါက်လာစေရန်၊ စာကြည့်တိုက်နှင့် အကျွမ်းတဝင်ရှိစေရန်၊ စာပေဖတ်ရှုသည့် အလေ့အထများ ရှင်သန်ခိုင်မာလာစေရန်နှင့် စာပေအနုပညာများကို ချစ်ခင်မြတ်နိုးသည့်စိတ်များ ပေါ်ပေါက်လာစေရန်၊ ကျန်းမာပျော်ရွှင်ပြီး အစုအဖွဲ့များဖွဲ့၍ ပူးပေါင်းဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြိုင်ပွဲများကျင်းပပြုလုပ်ခဲ့ရာ အမှတ်(၆) အခြေခံပညာမူလတန်း(လွန်)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၂၀) ဦး ဝင်ရောက်ယှဉ် ပြိုင်ကြပြီး ပထမ၊ ဒုတိယ၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသူများအား ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)