မိုးမိတ်မြို့တွင် စတိုးဆိုင်များ၊ စားသောက်ဆိုင်များ ၊ကုန်စုံဆိုင်များနှင့်လက်ဖက်ရည်ဆိုင်များအား SOP စည်းကမ်းချက်များနှင့်အညီ ရောင်းချနိုင်ရေး ကွင်းဆင်းစစ်ဆေး

မိုးမိတ်  ဒီဇင်ဘာ ၂၂  

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင်   ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ တားဆီးထိန်းချုပ်နိုင်ရေးအတွက်  မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးနိုင်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များနှင့်   မြို့နယ်စည်ပင်သာယာရေး ဦးစီး ဌာနမှ ဝန်ထမ်းများသည် ဒီဇင်ဘာ ၂၂ ရက် နံနက်  ၁၀ နာရီ အချိန်က မြို့နယ်အတွင်း ဖွင့်လှစ်‌ရောင်းချလျက်ရှိသော စားသောက်ဆိုင် ၊ကုန်စုံဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား SOP စည်းကမ်းနှင့်အညီ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် ရှမ်းပြည်နယ်အတွင်း ကိုဗစ် ၁၉ ထိန်ချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက်ရှမ်းပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သော ကိုဗစ် ၁၉ ထိန်ချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်း အဝေး (၁၆/၂၀၂၁) အစည်းအဝေးဆုံးဖြတ်ချက်အရ  စတိုးဆိုင်များ ၊ စားသောက်ဆိုင် ၊ဈေးဆိုင်များ SOP စည်းကမ်းနှင့်အညီ ရောင်းချနိုင်ရန်နှင့် ဆိုင်ထိုင်စားသုံးခြင်းအား ည(၈) နာရီအထိသာ ဖွင့်လှစ် ဆောင်ရွက်သွားရန် ၊ ဈေးရောင်းချသူများအတွက် သီးခြားနေရာတစ်ခုသတ်မှတ်ပြီး  (၃) ရက်လျှင် တစ်ကြိမ် ကာကွယ်ဆေး ထိုးနှံသည့်ဌာနဖွင့်လှစ်၍ ကာကွယ်ဆေးမထိုးရသေးသူများအား ထိုးနှံ ပေးသွားမည်ဖြစ်ရာ ကာကွယ်ဆေးလာရောက်ထိုးနှံကြရေးနှင့် SOP စည်းကမ်းအတိုင်း လိုက်နာ စေ ရေး လှုံ့ဆော်ဆောင်ရွက်သွားရန် ၊ ကာကွယ်ဆေးထိုးနှံပြီးသည့်ဆိုင်များသာ ဖွင့်ခွင့်ပြုရန်နှင့် ကာကွယ်ဆေးထိုးနှံခြင်းမရှိဘဲ ဖွင့်လှစ်‌ရောင်းချသည့်ဆိုင်များအား စိစစ်တွေ့ရှိပါက ပိတ်သိမ်းရန် စသည့်အချက်များနှင့် တိုက်ဆိုင်၍ စစ်ဆေးခဲ့သည်။

ဆက်လက်ပြီး ဆိုင်ပိုင်ရှင်များနှင့်အလုပ်သမားများသည်လည်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာနကထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ အလေးထားလိုက်နာ ဆောင်ရွက် သွားကြ ရန်စဉ်ဆက်မပြတ် နှိုးဆော်ဆောင်ရွက်လျက်ရှိပြီး လက်ရှိကာလတွင် မိုးမိတ်မြို့နယ် ပြည်သူ့ဆေးရုံ ၌  ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိ၍ ဆေးကုသမှုခံယူသူမရှိကြောင်း  မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးနိုင်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှသိရသည်။

မိုးမိတ်သား(စည်သူဌေး)