ရွှေကူမြို့နယ်တွင် ကိုယ်လက်လှုပ်ရှား အားကစားဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲ ဆောင်ရွက်

ရွှေကူ    ဒီဇင်ဘာ   ၂၂

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့်  ပြည်သူများ  ကျန်းမာကြံ့ခိုင်ပြီး တစ်မျိုးသားလုံး ကျန်းမာစေရန်၊ အားကစားကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်နိုင်ရန် ရည်ရွယ်၍ ကိုယ်လက် လှုပ်ရှားအားကစားဆိုင်ရာ အသိပညာပေး Talk  Show ဆွေးနွေးပွဲကို ယနေ့နံနက်  ၁၀ နာရီက ရွှေကူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  လူထုအခြေပြုဗဟိုဌာန (Community  Centre)   ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အသိပညာပေး Talk Show အစီအစဉ်တွင် ရွှေကူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ပပသိန်းနှင့် အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးခန့်မျိုးမောင်တို့က အင်အားနှင့်ဉာဏ်ရည်ကို အသုံးချပြီးလှုပ်ရှား ယှဉ်ပြိုင်ရသည့် ကိုယ်လက်လှုပ်ရှား အားကစားဆောင်ရွက်ခြင်းအပေါ် လူထုတစ်ရပ်လုံးပါဝင် လှုပ်ရှားခြင်းဆိုင်ရာ သိကောင်းစရာများကို လည်းကောင်း၊ ကိုယ်ကာယကြံ့ခိုင်မှုအတွက် လေ့ကျင့်ခန်းဆောင်ရွက်ခြင်း၌ ထိခိုက်ဒဏ်ရာရမှု အနည်းဆုံးဖြစ်စေရန် လိုက်နာဆောင်ရွက်ရ မည့်အကြောင်းအရာများကို လည်းကောင်း၊ အားကစား လေ့ကျင့်ခန်းများ ပုံမှန်ပြုလုပ်ခြင်းဖြင့် နှလုံးကို ကျန်းမာသန်စွမ်းစေခြင်း၊ ခန္ဓာကိုယ်အလေးချိန်ကို လျော့ကျစေနိုင်ခြင်း၊ အရိုးအဆစ်များ ကျန်းမာ၍ ကြွက်သားများ တောင့်တင်းခိုင်မာစေခြင်းစသည့် အကျိုးကျေးဇူးများစွာ ရရှိနိုင်ခြင်းကြောင့် ပြည်သူများအနေဖြင့် စိတ်နှင့်ခန္ဓာ ကျန်းမာကြံ့ခိုင်စေရန် လေ့ကျင့်ခန်း တစ်မျိုးမျိူးအား နေ့စဉ်ပုံမှန်ဆောင်ရွက်သင့်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ အသိပညာပေး Talk Show  အစီအစဉ် အပြည့်အစုံအား ရွှေကူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် ရွှေကူမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်း သိရှိရသည်။

ရွှေကူ(ပြန်/ဆက်)