သီပေါမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဆီစက်များသို့ ကွင်းဆင်းစစ်ဆေး

သီပေါ ဒီဇင်ဘာ ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ပန်းတိမ်မြောက်ရပ်ကွက်ရှိ အောင်ရတနာဆီစက်မှ ထုတ်လုပ်ရောင်းချနေသော စားသုံးဆီများ ထုတ်လုပ်ရောင်းချနေမှု အခြေအနေနှင့် လုပ်ငန်းလိုင်စင်မှတ်ပုံတင်ထားမှု အခြေအနေများကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါဆီစက်တွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူးက အောင်ရတနာ ဆီစက် လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ စားသုံးဆီထုတ်လုပ်ရောင်းချရာတွင် ကုန်ကြမ်းမှ ကုန်ချောသို့ ရောက်ရှိပုံ အဆင့်ဆင့် အခြေအနေများ၊ သက်ဆိုင်ရာ လုပ်ငန်းလိုင်စင်များမှတ်ပုံတင်ထားရှိမှု အခြေအနေများ၊ ထုတ်လုပ်သည့် စားသုံးဆီများ ဈေးကွက်သို့ ရောင်းချရာတွင်  သတ်မှတ်ထားသော ကုန်အညွှန်းအမှတ် အသားများ ဖော်ပြထားရှိမှုနှင့် ကုန်စည်အပေါ် အာမခံချက်ပေးထားခြင်းများအတွက် ဆွေးနွေးခဲ့ပြီးနောက် စက်ရုံတွင် ဆီထုတ်လုပ်နေမှုနှင့် ထုတ်ပိုးနေမှုများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်းနှင့် စစ်ဆေးရန် ကျန်ရှိသော ဆီစက်များကိုလည်း ဆက်လက်စစ်ဆေး သွားမည်ဖြစ်ကြောင်း မြို့နယ်စားသုံးသူရေးရာ ဦးစီးမှူး ဒေါ်ခင်မာရီထံမှ သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)