သီပေါမြို့နယ် နောင်ကတ်ကျေးရွာတွင် ခရမ်းစိုက်ပျိုးရောင်းချသူများ အောင်မြင်ဖြစ်ထွန်းပြီး နေ့စဉ်ဝင်ငွေရရှိ

သီပေါ ဒီဇင်ဘာ ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် ဆောင်းရာသီတွင် သီးနှံမျိုးစုံ စိုက်ပျိုးလက်ရှိရာ နောင်ကတ်ကျေးရွာတွင် ခရမ်းစိုက်တောင်သူများ အောင်မြင်ဖြစ်ထွန်းပြီး နေ့စဉ်ခူးဆွတ်ရောင်းချရသောကြောင့် အပိုဝင်ငွေရရှိကာ မိသားစုများ စားဝတ်နေရေး အဆင်ပြေလျက် ရှိကြောင်း သိရသည်။

ခရမ်းပင်ကို တစ်ပင်နှင့်တစ်ပင် ၅ပေခြား စိုက်ပျိုးကာ ရေသွင်းရေထုတ် လွယ်ကူစေရန် မြေဘောင်များ ပြုလုပ်ပေးရကြောင်း၊ အပင်ငယ်ချိန်တွင် မြေဆွပေး၍ တစ်လတစ်ခါ အပင်ခြေများတွင် မြေဩဇာ သင့်တင့်ရုံကျွေးပေးရပြီး လိုအပ်သည့်အခါ အပင်အားတိုးဆေးနှင့် ပိုးသတ်ဆေးဖျန်းပေးရကြောင်း၊ ခူးဆွတ်ရောင်းတဲ့အခါ ရက်ခြားခူ၍ ရောင်းရသလို နေ့စဉ်ခူးဆွတ်၍လည်း ရောင်းချရကြောင်း၊ ရောင်းဈေး အနေဖြင့် ဖောက်သည်ဈေး တစ်ပိဿာလျှင် ငွေကျပ်(၈၀၀)မှ (၁၀၀၀) ကျပ်အထိ ရောင်းချရ သည့်အတွက် နေ့စဉ်အပိုဝင်ငွေရရှိကာ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း နောင်ကတ်ကျေးရွာရှိ ခရမ်း စိုက်ပျိုးသူ ဦးစိုင်းလှဝင်းက ပြောပြခဲ့ကြောင်း သိရသည်။

ခင်လေး(သီပေါ ပြန်/ဆက်)