ပူတာအို ဒီဇင်ဘာ ၂၂
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အသင်းတို့ပူးပေါင်း၍ စာဖတ်သူ တိုးပွားလာစေရန်၊ ပါဝင်ဆွေးနွေးသည့် အလေ့အကျင့် ရရှိစေရန်နှင့် အမြဲလေ့လာသင်ယူနေသည့် လူ့ဘောင်အဖွဲ့အစည်း ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ စာရေးဆရာ ဖေမြင့်၏ “တန်ဖိုးထားအပ်သောအရာများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီ ၃၀ မိနစ် အချိန်က ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ ကျင်းပသည်။
စာဖတ်ဝိုင်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်သူဇာ က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး Book Club အဖွဲ့ဝင် ဒေါ်ဒီလွမ်းနောက “ တစ်ခါတစ်ရံ အရှိကိုအရှိအတိုင်း” ခေါင်းစဉ်ကို ဖတ်ကြားဆွေးနွေးသည်။
ဆက်လက်၍ Book Club အဖွဲ့ဝင် ဒေါ်ခင်ဌေးရီက “လူကြီးနဲ့လူငယ် အဟောင်းနဲ့အသစ်” ခေါင်းစဉ်ကိုဖတ်ကြားဆွေးနွေးပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်သူဇာက “ အတိုင်းအတာ မသိတဲ့လူ” ခေါင်းစဉ်ကို ဖတ်ကြားဆွေးနွေးရာ တက်ရောက်လာသည့် Book Club အဖွဲ့ဝင်များက အဆိုပါ ဆွေးနွေးချက်များမှ အသိပညာဗဟုသုတ ရရှိသည့်အချက်အလက်များကို အပြန်အလှန် ဆွေးနွေးဖလှယ်ခဲ့ကြကြောင်းသိရသည်။
ဖုန်ကန်(ပူတာအို)