ပုလောမြို့နယ်တွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းအမှတ်စဉ်(၁/၂၀၂၁) သင်တန်း ဖွင့်လှစ်

ပုလော   ဒီဇင်ဘာ  ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၂၁) သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ပုလောမြို့နယ်ခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပုလောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုးက ကျွန်တော်တို့မြို့နယ်သည် ကမ်းရိုးတန်းဒေသဖြစ်သည့် အတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ပညာရပ်ကို အရေးကြီးသောကြောင့် လူတိုင်းတတ်မြောက်အောင် သင်ကြားစေလိုကြောင်း အဖွင့်အမှာစကား ပြောကြားပြီး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မြိတ်ခရိုင် ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွေးနွေးစိုးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့းနောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုးက သင်ထောက်ကူပစ္စည်းများကို ပေးအပ်ခဲ့ရာ သင်တန်းသားတစ်ဦးက လက်ခံရယူခဲ့ပြီး၊ အဆိုပါသင်တန်းကို သင်တန်းသား  ၃၀ ဦးတက်ရောက် သင်ကြားခဲ့ကာ  နည်းပြအဖြစ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊မိုးဇလ၊ မီးသတ်၊ ကျန်းမာရေးနှင့် ကြက်ခြေနီတပ်ဖွဲ့တို့က ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ ၃ ရက် သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အေးအေးမော် (ပုလော)