မြစ်သား ဩဂုတ် ၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြစ်သားမြို့နှင့် နီးစပ်ရာကျေးရွာများ မီးဘေးကြိုတင်ကာကွယ်နိုင်ရန်အတွက် မီးသတ်မျှော်စင်ကြီးတစ်ခုတည်ဆောက်ရန်အတွက် မြစ်သားမြို့ကမ္ဘောဇဘဏ်ခွဲမှ အလှူငွေပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က မင်းကျောင်းပရိယတ္တိစာသင်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ မင်းစေတနာမီးသတ်မျှော်စင်ကြီးအား မြစ်သားမြို့ မင်းကျောင်းပရိယတ္တိစာသင်တိုက်၊ ပဓာနနာယကဆရာတော် ဒေါက်တာဘဒ္ဒန္တဝေဠုရိယ (အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မဇောတိက) ဦးစီး၍ အလှူငွေကျပ် ၂၅ သိန်းမတည်ကာ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အခမ်းအနားတွင် မင်းကျောင်းဆရာတော်ဘုရားကြီးမှ ကျေးဇူးတင်စကားမိန့်ကြားတော်မူခဲ့ပြီး အထက်မြန်မာပြည် ကမ္ဘောဇဘဏ် ဉက္ကဋ္ဌ ဦးတင်ထွန်း၊ မြစ်သားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မိုးတို့ ကဝမ်းမြောက်စကားများအသီးသီးပြောကြားခဲ့ကြပြီး မင်းကျောင်းပရိယတ္တိစာသင်တိုက်၊ ပဓာနနာယက ဆရာတော်ဒေါက်တာဘဒ္ဒန္တဝေဠုရိယ(အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မဇောတိက)က မတည်ငွေကျပ် (၂၅)သိန်း၊ မြစ်သားမြို့နယ်ကမ္ဘောဇဘဏ်ခွဲမိသားစုမှ အလှူငွေကျပ်သိန်း(၁၂၅)သိန်း၊ ရန်ကုန်မြို့နေ ဒု−ဗိုလ်ချုပ်ကြီး ဦးမျိုးညွှန့်၊ ဒေါ်ခင်လှတင်မိသားစုမှ အလှူငွေကျပ်(၁၀)သိန်း၊ စေတနာရှင်အလှူရှင်များမှ လှူဒါန်း ငွေကျပ် (၁၁)သိန်း ကိုးသောင်းနှစ်ထောင်ကျပ်အား ပေးအပ်လှူဒါန်းရာ အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးမင်းအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူးမှ ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့ကြောင်းနှင့် လှူဒါန်းငွေစုစုပေါင်းမှာ ကျပ်သိန်း(၁၇၁၉၂၀၀၀)ဖြစ်ကြောင်းသိရှိရသည်။
ဆုမွန်(မြစ်သားပြန်-ဆက်)