မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရန် အိမ်တိုင်ရာရောက် ကွင်းဆင်းစိစစ်ဆောင်ရွက်

မိုင်းယောင်း ဩဂုတ် ၂၄

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရန် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် မဲဆန္ဒရှင်စာရင်း တိကျမှန်ကန်စေရေး မြေပြင်ကွင်းဆင်းစိစစ်ရေးအဖွဲ့မှ ရပ်/ကျေးရွာများသို့ ဩဂုတ် ၂၄ ရက်က ကွင်းဆင်းစိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသည် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအား မဲပေးနိုင်ရန် မဲဆန္ဒရှင်စာရင်းများ ပြုစုဆောင်ရွက်လျက်ရှိရာ မဲဆန္ဒရှင်စာရင်းမှန်ကန်မှု ရှိစေရေးနှင့် မဲဆန္ဒရှင် ကျန်ရှိမှုများ မရှိစေရေးအတွက် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း ဦးဆောင်သော မဲဆန္ဒရှင်စာရင်း တိကျမှန်ကန်စေရေး မြေပြင်ကွင်းဆင်းစိစစ်ရေးအဖွဲ့သည် ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် အဖွဲ့ရှစ်ဖွဲ့ခွဲကာ တစ်အိမ်တက်ဆင်း ကွင်းဆင်း၍ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး တိုက်ဆိုင် စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး လိုအပ်သော ပြင်ဆင်ဖြည့်စွက်မှုများကိုလည်း သတ်မှတ်ထားသည့် ပုံစံများနှင့်အညီ စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မိုင်းယောင်းတွင် မဲရုံပေါင်း ၆၈ ရုံ ဖွင့်လှစ်ရန် လျာထားပြီး ပါတီ ခုနစ်ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၉ ဦး ဝင်ရောက်ယှဉ်ပြိုင်အရွေးခံရန် အမည်စာရင်း တင်သွင်းထားကာ ပြည်သူ့လွှတ်တော် ခြောက်နေရာ၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၁) ခုနစ်နေရာ၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၂) ခြောက်နေရာ အသီးသီးဖြစ်ကြပြီး ယခုလက်ရှိတွင် အသက် ၁၈ နှစ်ပြည့်ပြီး မဲပေးပိုင်ခွင့်ရှိသူ ၂၆၅၈၆ ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

စိုင်းအောင်ဇော်လင်း