စဉ့်ကိုင် သြဂုတ် ၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ခေတ်မီပျားမွေးမြူခြင်းဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်၀င်း၀င်းသန်းက ပြည်သူလူထုအတွင်း ပျား မွေးမြူရေးလုပ်ငန်းကို ကျယ်ပြန့်စွာသိရှိစေရန်၊ ခေတ်မီသိပ္ပံနည်းကျပျားမွေးမြူခြင်းနှင့်ပတ်သက်၍ ပြည်သူများနားလည်သဘောပေါက်ပြီး မိသားစုအပို၀င်ငွေရရှိနိုင်သည့်အပြင် ယနေ့ခေတ်တွင်ဖြစ်ပေါ်နေသော သစ်တောသစ်ပင်များပြုန်းတီးမှုကြောင့် သဘာ၀ပတ်၀န်းကျင်ဖောက်ပြန်မှု၊ ရာသီဥတုဆိုးဝါးမှုများကို ပျားများနှင့်၀တ်မှုံကူးခြင်းအားဖြင့် သစ်တောသစ်ပင်များရှင်သန်ဖွံ့ဖြိုးကာ သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက် အကူပြုလျက်ရှိကြောင်းကို ပညာရပ်တစ်ခုအနေဖြင့် အသိပညာပေးဟောပြောပွဲကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်ပျားမွေးမြူမှု ဖွံ့ဖြိုးရေးဌာနခွဲ ဦးစီးအရာရှိ ဦးသိန်းကိုက မြန်မာ့ပျားရည်သည် ကမ္ဘာတွင် ပထမဆုရရှိခဲ့သည်နှင့်အညီ ပျားရည်အကြောင်း သိကောင်းစရာများ၊ ပျားသတ္တဝါတို့၏ ဂုဏ်အင်္ဂါများ၊ ပျားရည်အတုအစစ်ခွဲခြားသိရှိနိုင်စေသောနည်းလမ်းများ၊ ပျားမွေးမြူပုံနည်းစနစ်များ၊ ပျားရည်အသုံးပြုပုံသုံးစွဲနည်းများ၊ ပျားများနှင့် ၀တ်မှုံကူးခြင်းဖြင့် စိုက်ပျိုးသီးနှံပိုမိုထွက်ရှိပြီး စိုက်ပျိုးသည့်တောင်သူများ ၀င်ငွေပိုမိုရရှိနိုင်ကြောင်းနှင့်နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင်ပျားအုံများမှထွက်ရှိလာသော ပျားရည်များကို တရုတ်၊ ဂျပန်နိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း ကျယ်ကျယ်ပြန့်ပြန် ဟောပြောခဲ့ပြီး တက်ရောက်လာသော ပြည်သူများမှသိရှိလိုသည်များကို မေးမြန်းကြရာ ဦးစီးအရာရှိက ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဝင်းဝင်းသန်း(စဉ့်ကိုင်ပြန်/ဆက်)