ကော့ကရိတ် ဒီဇင်ဘာ ၂၁
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကို ထိထိရောက် ကာကွယ်နိုင်ရန်အတွက် ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမှ ထိုးနှံထားခြင်း မရှိသူများနှင့် ဒုတိယအကြိမ် ထိုးနှံရန် သတ်မှတ်ရက်များအတွင်း အကြောင်းအမျိုးမျိုးကြောင့် လာရောက်ထိုးနှံခြင်းမရှိသည့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့ နံနက် ၉နာရီအချိန်က ဇိနသုခ ဓမ္မာရုံ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးတွင်းအောက်ဆီဂျင်ပါဝင်မှု ပမာဏတိုင်းတာပေးခြင်း၊ ကာကွယ် ဆေးထိုးနှံရန် လာရောက်သည့် ပြည်သူများအား စိစစ်၍ မှတ်ပုံတင်ခြင်းများ ဆောင်ရွက်ပေးခြင်း၊ ကာကွယ်ဆေး ထိုးနှံပေးပြီးနောက် ဆေး၏ ဘေးထွက်ဆိုးကျိုးလက္ခဏာ တစ်စုံတစ်ရာဖြစ်ပေါ်လာပါက ချက်ချင်း အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရန် မိနစ် ၃၀ ခန့် စောင့်ကြပ်ကြည့်ရှုပေးခြင်းကိုလည်း သက်ဆိုင် ရာတာဝန်ရှိသူများက ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ကျန်းမာရေးဝန်ထမ်းက ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ် ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။ ထိုသို့ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် လူမှုရေးအသင်း အဖွဲ့များက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကော့ကရိတ်မြို့နယ်အတွင်း ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သူဦးရေမှာ(၂၀၁၇၆၅)ဦးရှိသော် လည်း အမှန် တစ်ကယ်ထိုးနှံနိုင်မည့် လူဦးရေမှာ (၁၇၁၇၆၅)ဦးသာ ရှိကြောင်း၊ ၂၀၂၁ခု နှစ် မတ်လ ဒုတိယအပတ်မှ ယမန်နေ့ အထိ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးစီးသည့် လူဦးရေမှာ(၇၁၉၆၅) ဦးနှင့် ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပြီးစီးသည့် လူဦးရေမှာ (၅၉၇၂၇)ရှိပြီဖြစ်သည့်အတွက် ဆေးထိုးနှံမှုရာခိုင်နှုန်းမှာ (၅၄.၆၂)ရာခိုင်နှုန်းရှိပြီဖြစ်ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
စောအောင်မျိုးလွင်