ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ၏ ရပ်ကွက်/ ကျေးရွာ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရေး ကူညီပံ့ပိုးပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရန်ကုန် ဒီဇင်ဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီ၏ ရပ်ကွက်/ ကျေးရွာ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် လိုအပ်သည်များ ကူညီပံ့ပိုးပေးနိုင်ရေး အတွက်ရည်ရွယ်၍ ယနေ့ မွန်းလွဲ (၁၃:၀၀)နာရီအချိန်က ဗိုလ်တထောင်မြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီ အစည်းအဝေးခန်းမတွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးမောင်မောင်ဦး (စာရေးဆရာ ဟိန်းလတ်)က စာအုပ်ပံ့ပိုးလှူဒါန်းမှုကို ပထမဦးစားပေးအဆင့်၊ ပရိဘောဂအဆောက်အဦးကို ဒုတိယဦးစားပေး အဆင့်အနေဖြင့် ပံ့ပိုးကူညီထောက်ပံ့ရန်နှင့်  စာအုပ်ကို အဓိက ပံ့ပိုးဖြည့်ဆည်းပေးနိုင်ရန်အတွက် စာအုပ်ဝယ်ယူပေး နိုင်ရေးကို ဆောင်ရွက်ရန်နှင့် ပရိဘောဂ လိုအပ်ချက်များကိုလည်း စာကြည့်တိုက်များ အားလုံးတစ်ပြေးညီ ထောက်ပံ့ နိုင်ရေး ကိုလည်း ဆွေးနွေး ပြောကြားခဲ့ကြောင်းသိရသည်။

ထို့နောက် တက်ရောက်လာကြသော စာကြည့်တိုက်ကော်မတီဝင်များနှင့် အပြန်အလှန် ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

စန္ဒာမိုး