မိုင်းခုတ် ဒီဇင်ဘာ ၂၀
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပရာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်ယဉ်ယဉ်ဝင်းက ''လွတ်လပ် ရေးနေ့သမိုင်း'' ခေါင်းစဉ်ဖြင့် မြန်မာတစ်မျိုးသားလုံးက လွတ်လပ်ရေးကို သွေးချွေးများ မြေအကျခံပြီး တိုက်ခိုက်ရယူခဲ့ရပုံနှင့် မြန်မာ့အချုပ်အခြာအာဏာ လွတ်လပ်ရေးကြီးကို အသက်ပမာ တန်ဖိုးထားပြီး မပျောက်ပျက်၊ မဆုံးရှုံးသွားဘဲ ထာဝစဉ် တည်တံ့နိုင်အောင် ကြိုးစားဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသော နံရံကပ်စာစောင်များနှင့် စာအုပ်၊ စာစောင်များကို လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း (ပြန်/ဆက်)