တံတားဦးမြို့နယ်၌ ဧရာမင်းမိုးစပါး စံကွက်ရိတ်သိမ်း

တံတားဦး ဒီဇင်ဘာ  ၂၀

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် မိုးပါးတစ်ဧက ထွက်နှုန်းတိုးတက်ရေးအတွက် တံတားဦးမြို့နယ် ပြူကန်ကျေးရွာ တောင်သူဦးကျော်မင်း၏ ဧရာမင်းမိုးစပါးစိုက်ကွင်း၌ ယနေ့မွန်းလွဲ (၁) နာရီက စံကွက်ရိတ် သိမ်းခြင်းလုပ်ငန်း ဆောင်ရွက်ကြ ကြောင်းသိရသည်။

ဧရာမင်း မိုးစပါးစံကွက်ရိတ်သိမ်းရာတွင် ပြူကန်ကျေးရွာ တောင်သူဦးကျော်မင်း၏ ကွင်းအမှတ်(၁၃၄၀)၊ ပြူကန်အနောက်ကွင်း တွင် ဧရာမင်းမျိုးစပါး၊ တစ်ဧကတစ်ထောင်ပုံတစ်ပုံဖြစ်သည့် (၆) ပေပတ်လည် စံကွက်အရ စပါးအထွက်တင်း (အစို) နို့ဆီဘူး ပျမ်းမျှ (၁၀.၇၅) ဘူး ထွက်ရှိပြီး တစ်ဧက (၈၃.၉၆) တင်း ထွက်ရှိကြောင်း သိရသည်။

ဆက်လက်၍ ကျောက်ဆည်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးစိုးနိုင်က  ဒေသခံ တောင်သူများ စပါးသီးနှံ စိုက်ပျိုးရာတွင် သီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန်စေရေးအတွက်  တောင်သူ ပညာပေး မိုးစပါးသီးနှံ စံကွက်ရိတ်သိမ်းခြင်း၏ ရည်ရွယ်ချက်များနှင့် ရာသီအလိုက် သီးနှံများစိုက်ပျိူးရာတွင် သိရှိလိုက်နာရမည့် စိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်များကို အကျယ် တဝင့် ရှင်းလင်းဆွေးနွေးပြောပြီး တံတားဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်ကျော်ညွန့်က ယခုအခါတောင်သူများ စိုက်ပျိုးခဲ့သည့် မိုးစပါးစိုက်ခင်းများမှာ သီးနှံများရင့်မှည့်လာပြီဖြစ်၍ ဒေသခံတောင်သူများက နွေသီးနှံ အချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် ကောက်ရိတ်နေ့စား အလုပ်သမားများ ငှားရမ်း၍လည်းကောင်း၊ စပါးခြွေလှေ့စက်များ ငှားရမ်း၍ လည်းကောင်း အပြိုင်အဆိုင်ရိတ်သိမ်းနေကြောင်း သိရသည်။

အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းရာသို့ ကျောက်ဆည်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးစိုးနိုင်၊ တံတားဦး မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်ကျော်ညွန့်နှင့် ဝန်ထမ်း များ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေး နှင့် စာရင်းအင်းဦးစီးဌာနမှ ဝန်ထမ်းများ၊ တောင်သူများ  တက်ရောက်ကြကြောင်း သိရသည်။

ရဲတင့်(တံတားဦး)