ဆီဆိုင် ဒီဇင်ဘာ ၂၀
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူးရုံးမှဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့နံနက်ပိုင်းက ပါလောပါကယ်ကျေးရွာအုပ်စု၊ ဘန်းကန် ကျေးရွာရှိ ဒေသခံပြည်သူများထံသို့ အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဆီဆိုင် မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်ဆန်းဝင်း၏ ကြီးကြပ် မှုဖြင့် မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်း များက ပါလောပါကယ်ကျေးရွာအုပ်စု၊ ဘန်းကန်ကျေးရွာရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်နှင့် ပတ်သက်၍ ရှင်းလင်းဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူများကို နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်း၊ နိုင်ငံသား စိစစ်ရေးကတ်ပြား လဲလှယ်ပေးခြင်း၊ ပျက်စီး/ပျောက်ဆုံးသူများကို မိတ္တူပြုလုပ်ပေးခြင်းနှင့် အိမ်ထောင်စုဆိုင်ရာ မွေးဖွား၊ သေဆုံး ပြောင်းဝင်၊ ပြောင်းထွက် အိမ်ထောင်စု လူဦးရေစာရင်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များအညီ အခမဲ့ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)