နမ္မတူ ဩဂုတ် ၂၄
စိမ်းလန်းဘဝလူမှုဖွံ့ဖြိုးမှုအဖွဲ့ (GLAD)နှင့် မိတ်ဆွေကောင်းလူမှုကူညီရေးအသင်းတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး၊ မိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာ ပေးခြင်းနှင့် ကျေးရွာဖွံ့ဖြိုးရေး ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ဩဂုတ်လ (၂၂)ရက်နေ့ နံနက် (၁၀)နာရီအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မိုင်းမုကျေးရွာ၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ရှေးဦးစွာ စိမ်းလန်းဘဝလူမှုဖွံ့ဖြိုးမှုအဖွဲ့ (GLAD)မှ ဥက္ကဋ္ဌ ဦးအောင်ဇော်ဝင်းက အမှာစကား ပြောကြားပြီး၊ မိတ်ဆွေကောင်း လူမှုကူညီရေးအသင်းမှ ဦးအောင်ဆန်းမြင့်က ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး အသိပညာပေးအကြောင်းအရာများ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့် မိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့သည်။
၎င်းနောက် စိမ်းလန်းဘဝလူမှုဖွံ့ဖြိုးရေးအဖွဲ့ (GLAD)မှ မိုင်းမုကျေးရွာကော်မတီမှ တင်ပြ တောင်းခံသည့် ကျေးရွာတွင်းရှိ ရေလှောင်ကန်နှင့် အဝတ်လျှော်ရန်နေရာ ပြုပြင်ရန်အတွက် ငွေကျပ် (၁၄၀၀၀၀၀/-)အား မိုင်းမုကျေးရွာ ကော်မတီဝင်များ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့သည်။
အလားတူ ဩဂုတ်လ (၂၂)ရက်နေ့ ညနေ (၂)နာရီအချိန်တွင် ပန်သပြေ (မြောက်) ကျေးရွာသို့ သွားရောက်ကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် မိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပြီး စိမ်းလန်းဘဝ လူမှုဖွံ့ဖြိုးရေး အဖွဲ့ (GLAD)မှ ပန်သပြေ (မြောက်) ကျေးရွာကော်မတီမှ တင်ပြတောင်းခံသည့် ကျောင်းစာသင်ခုံ၊ ဆရာ/ဆရာမ စားပွဲ၊ ထိုင်ခုံများ ဝယ်ယူရန်နှင့် စာသင်ကျောင်းအတွင်း အခန်းများကာရံနိုင်ရန်အတွက် ငွေကျပ် (၁၄၀၀၀၀၀/-)အား ပန်သပြေ (မြောက်) ကျေးရွာ ကော်မတီဝင်များလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့အပြင် ဟောပြောပွဲသို့ တက်ရောက်လာသော ကျေးရွာနေပြည်သူများအား ရေမလို လက်သန့်ဆေးရည် အသုံးပြုကာ လက်ဆေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ နှာခေါင်းစည်း (၆၀)ခု၊ လက်ဆေးဆပ်ပြာခဲ (၆၀)ခဲနှင့် အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)