ပန်ဆိုင်း ဩဂုတ် ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း၌ အခြေခံစားသောက်ကုန်များအား ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်နှင့်အညီ လိုက်နာ ဆောင်ရွက်ခြင်း ရှိ/ မရှိကို ယနေ့ နံနက်(၁၀)နာရီက ကွင်းဆင်းစစ်ဆေးခဲ့သည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် မြို့မဈေး ၊ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင် များအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်သည့်ညွှန်ကြားချက်များကို လိုက်နာ ဆောင်ရွက်ခြင်း ရှိ/မရှိ ၊ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် အစား အသောက် များအား ပိုးမွှားများမဝင်အောင် ကာရံထားရှိရေး၊ လက်ဆေးဘင်စင်များ ၊ လက်သန့်ဆေးရည် များ ထားရှိပေးရေး ရောင်းချပေးသူများအနေဖြင့် Mask များ တပ်ဆင်ပြီးမှ ရောင်းချမှုရှိစေရေး ကိုဗစ်-၁၉ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းတို့ကို မြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇာနည် ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ် တပ်ဖွဲ့တို့ ပူးပေါင်း၍ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့နောက် ပန်ဆိုင်း(ကြူကုတ်)မြို့ စည်ပင်သာယာဈေးအတွင်းရှိ ဈေးသူ/သားများနှင့် အများပြည်သူများအား ဌာနဆိုင်ရာများက Mask များ လက်သန့်ဆေးရည်များ ပေးဝေခဲ့ ကြောင်း သိရသည်။
သန်းမိုးခိုင်(ပြန်/ဆက်)