ပျဉ်းမနား ဩဂုတ် ၂၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ပေါင်းလောင်းရေလွှဲဆည်တည်ဆောက်ရာတွင် ရေဝပ်ဧရိယာအတွင်း ပါဝင်သွား သည့် လယ်ယာမြေများအတွက် ပျဉ်းမနားမြို့နယ်မှ တောင်သူများ၏ လက်ဝယ်အရောက် လျော်ကြေး၊ နစ်နားကြေး ငွေများကို ဩဂုတ် ၂၂ ရက်နေ့နှင့် ၂၃ ရက်နေ့များတွင် ကျေးရွာများသို့ ကွင်းဆင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့သို့ ကွင်းဆင်းပေးအပ်ရာတွင် ပျဉ်းမနားမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုးအောင်နှင့် ဆည်မြောင်းနှင့် ရေအသုံးချမှုဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးမင်းသန့်တို့က ရေဝပ် ဧရိယာအတွင်းပါဝင်သွားသည့် လယ်ယာမြေများကို လျော်ကြေး၊ နစ်နာကြေးများ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တောင်သူများက သိရှိလိုသည်များကို မေးမြန်းရာ ပျဉ်းမနားမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် မြို့နယ်လယ်ယာမြေစိစစ်ရေး ကော်မတီဝင်များက ပြန်ရှင်းလင်း ဖြေကြားပေးသည်။
ပေါင်းလောင်းရေလွှဲဆည်တည်ဆောက်ရာ ပျဉ်းမနားမြို့နယ်မှ ရေဝပ်ဧရိယာအတွင်း ပါဝင်သွား သည့် တောင်သူ(၆၂၅)ဦး၏ လယ်ယာမြေ(၂၃၆၂.၇၅)ဧကအတွက် တစ်ဧကလျင်(၁၇၄၉၄၃) ကျပ်နှုန်းဖြင့် (၂၆၁၃၂၆၅၈၁)ကျပ်ကို တောင်သူများ လက်ဝယ်အရောက် ကျေးရွာများသို့ ကွင်းဆင်းပေးအပ်ခဲ့ကြောင်း သိရသည်။
စိုးမိုး(ပြန်/ဆက်)