သုံးခွမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲ၍ နေအိမ်တစ်လုံးနောက်ဖေးမီးဖိုချောင်ပျက်စီးခြင်းနှင့် လူနေအိမ် ( ၃)လုံး အမိုးလန်မှုဖြစ်ပွား

သုံးခွ သြဂုတ် ၂၃

ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် ယမန်နေ့ မွန်းလွဲ ၁၃ နာရီအချိန်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှု​ဖြစ်ပွားခဲ့သဖြင့် အမှတ်(၈ )ရပ်ကွက် ဗန္ဓုလလမ်းရှိ ဒေါ်တင်တင်ဝင်း၏ သွပ်မိုးထရံကာ ပျဉ်ခင်းနေအိမ်နောက်ဖေး မီးဖိုချောင် သစ်ပင်ပိမိခြင်းနှင့် သွပ်မိုး ၊ထရံကာ၊ ပျဉ်ခင်းနေအိမ် ၃ လုံးမှာ အမိုးလန်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လေပြင်းတိုက်ခတ်မှုဖြစ်ပွားသည့်နေရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင် များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များ သွားရောက်၍ အမိုးများ ပြန်လည်မိုးပေးခဲ့ပြီး မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက သစ်ပင်ပိနေ သော နောက်ဖေး မီးဖိုချောင်အား သစ်ကိုင်းများ ဖယ်ရှားရှင်းလင်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရ သည်။

တင်တင်ထွေး (သုံးခွ)