ကွမ်းလုံ သြဂုတ် ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် COVID-19 Economic Relief Plan(CERP)အရ ကျေးလက်နေပြည်သူများ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန်အတွက် ကျေးရွာမတည်ရန်ပုံ ငွေစီမံကိန်း(VRFP)အား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် စီမံကိန်းကျေးရွာ(၄)ရွာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မန်ပြိန်းကျေးရွာအုပ်စု၊ မတ်ခံကျေးရွာနှင့် ပြိန်းရဲကျေးရွာအုပ်စု၊ မြင်စီရှန်းကျေးရွာတို့ကို ယမန်နေ့ မွန်းလွဲ(၂)နာရီက ကျေးရွာအရောက် မတည်ရန်ပုံငွေများကို လွဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာမတည်ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ပြီး ကျေးရွာကော်မတီဝင်များမှ အသင်းသူ/ အသင်းသားများအား ငွေများထုတ်ချေးပေးမှု အခြေအနေများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်မျိုးဇော်နှင့် ဝန်ထမ်းတို့က ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခဲ့သည်။
ကွမ်းလုံမြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)ကို နမ့်ဟူးကျေးရွာအုပ်စု နမ့်ဟူးကျေးရွာ၊ ပြိန်းရဲကျေးရွာ အုပ်စု တုံကျက်ကျေးရွာ၊ မြင်စီရှန်းကျေးရွာနှင့် မန်ပြိန်းကျေးရွာအုပ်စု မတ်ခံကျေးရွာတို့အား ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး အိမ်ခြေ (၅၀) အောက်ရှိ ကျေးရွာများကို ကျပ်သိန်း(၁၀၀)၊ အိမ်ခြေ(၅၁မှ ၁၀၀ထိ)ကို ကျပ်သိန်း ၂၀၀ နှင့် အိမ်ခြေ (၁၀၀) အထက်ကို ကျပ်သိန်း (၃၀၀) အဖြစ် မတည်ရန်ပုံငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မိုင်းခိုင်ဇော်(ကွမ်းလုံ)