ပိုင်ကျုံ ဒီဇင်ဘာ ၂၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ကူးစက် ပြန့်ပွားမှု အမြန်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် သံဃာတော်များ၊ အသက်(၁၈)နှစ်အထက် ဒေသခံပြည်သူများ၊ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသေးသည့် ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ဈေးရောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဒီဇင်ဘာလ(၁၇)ရက်နေ့ နံနက်(၈)နာရီအချိန်မှ စတင်၍ စတုတ္ထအသုတ် (ဒုတိယ) အကြိမ်အဖြစ် လူဦးရေ(၁၀၀၀)အား စတင်ထိုးနှံပေးလျက်ရှိရာ လူဦးရေ (၉၉၅) ဦးခန့် လာရောက်ထိုးနှံခဲ့ပြီး ယနေ့တွင် ကျန်ရှိနေသေးသူများအား ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပိုင်ကျုံမြို့အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတုတ္ထအသုတ် (ပထမ) အကြိမ် ထိုးနှံပြီးသူ စုစုပေါင်း (၂၀၃၀) ဦးအနက် (၉၉၅) ဦး ထိုးနံပြီးစီးပြီးဖြစ်ရာ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသေးသော မိဘပြည်သူများအား ယနေ့တွင် စတုတ္ထအသုတ် ဒုတိယအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထို့သို့ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေး လာရောက် ထိုးနှံသူများအား ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးတွင်း အောက်ဆီဂျင်ပါဝင်မှုပမာဏ တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးမည်ဖြစ်ရာ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများတို့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ပိုင်ကျုံ (ပြန်/ဆက်)