နမ္မတူ ဒီဇင်ဘာ ၂၀
စာအုပ်စာပေဝါသနာပါသူ (Club) အဖွဲ့ဝင်များစုစည်း၍ စာရေးဆရာ ချစ်နိုင် (စိတ်ပညာ)၏ “ကံကောင်းနည်းလက်ဆောင်” စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ် (၁) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးရှိ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့သည်။
စာဖတ်ဝိုင်းတွင် နမ္မတူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ဇာထွန်းက စာအုပ်တစ်အုပ်ရဲ့အပေါ်မှာ တစ်ဦးနှင့်တစ်ဦး မတူညီတဲ့ အတွေးအမြင်သစ်တွေ၊ စာအုပ်မှရရှိသော အသိပညာဗဟုသုတလေးတွေကို တစ်ဦးနှင့်တစ်ဦး မျှဝေနိုင်ရန်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန စာကြည့်တိုက်နှင့်လည်း ရင်းနှီးကျွမ်းဝင်မှု ပိုမိုရရှိလာစေရန်ရည်ရွယ်၍ စာအုပ်စာပေဝါသနာပါသူ (Club) အဖွဲ့ဝင်များဖြင့် ပူးပေါင်းကာ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ “ကံကောင်းနည်းလက်ဆောင်” စာအုပ်ဖြင့် စာဖတ်ဝိုင်းအားကျင်းပရာ (Book Club) အဖွဲ့ဝင် မလှလှထွေးက “ကံကောင်းနည်းလက်ဆောင်” ခေါင်းစဉ်ပါ အကြောင်းအရာများဖြင့် လည်းကောင်း၊ အဖွဲ့ဝင် မထက်ထက်ဝင်းက “အောင်မြင်မှုရဲ့အသက်” ခေါင်းစဉ်ပါ အကြောင်းအရာ များဖြင့် လည်းကောင်း၊ (Woman Club) အဖွဲ့ဝင် မတင်မိုးခိုင်က “စာဖတ်ကျင့်” ခေါင်းစဉ်ပါ အကြောင်းအရာများဖြင့်လည်းကောင်း၊ အဖွဲ့ဝင် မမိုးငယ်က “ကံကောင်းခြင်းကို ရှာဖွေတွေ့နိုင်ပြီ” ခေါင်းစဉ်ပါ အကြောင်းအရာများဖြင့်လည်းကောင်း၊ (Youth Club) အဖွဲ့ဝင် မသုသုနိုင်က “တန်ဖိုး ရှိတဲ့အသိပညာ” ခေါင်းစဉ်ပါ အကြောင်း အရာများဖြင့်လည်းကောင်း အသီးသီး ဆွေးနွေးခဲ့သည်။
ယခုလို စာဖတ်ဝိုင်းဆွေးနွေးပွဲများကို စာအုပ်စာပေဝါသနာပါသူ (Club)အဖွဲ့ဝင်များဖြင့် ပူးပေါင်း ကာလစဉ်တစ်လလျှင်တစ်ကြိမ် ကျင်းပပြုလုပ် ဆောင်ရွက် ပေးမည် ဖြစ်ကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ဇာထွန်းထံက သိရသည်။
လူမော် (ပြန်/ဆက်)