ကော့သောင်း ဒီဇင်ဘာ ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၏ အပြည်ပြည်ဆိုင်ရာနယ်စပ်ဂိတ်တွင် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံတစ်ဝန်း စီမံချက်ချဆောင်ရွက်ပေးလျက်ရှိသည့် ပန်းခင်း စီမံချက် အသိပေးပိုစတာအား ထိုင်း-မြန်မာ နှစ်ဘာသာဖြင့် ရိုက်နှိပ်ဖေါ်ပြကာ ယမန်နေ့ညနေပိုင်းက မြို့၏အသွားအလာ များပြားရာ၊ ကမ်းနားလမ်း၊ နယ်စပ်ဖြတ်ကျော် စစ်ဆေးရေး ဂိတ်တွင်စိုက်ထူခဲ့ကြောင်း သိရသည်။
ကော့သောင်းမြို့သည် ထိုင်းမြန်မာ နယ်စပ်မြို့ဖြစ်သည်နှင့်အညီ ထိုင်းနိုင်ငံတစ်ဝှမ်း သွားရောက်အလုပ်လုပ် ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများ ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေး စီမံချက် ကာလအတွင်းအချိန်မီ ပြန်လည်လာရောက်ပြုလုပ်နိုင်ကြစေရန် ရည်ရွယ်ကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ နိုင်ငံ တစ်ဝန်း မြန်မာနိုင်ငံသားတိုင်းရင်းသားများနှင့် ဥပဒေအရနိုင်ငံသားများအား ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး ပန်းခင်းစီမံချက်ဖြင့် ၂၀၂၁ ခုနှစ်၊ မေလ(၃)ရက်နေ့မှ ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ (၃) ရက်နေ့အထိ (၁၈) လကြာ အချိန်ယူကာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တနင်္သာရီတိုင်း ဒေသကြီး အတွင်း မြို့နယ်များ တွင် ၂၀၂၁ခုနှစ် မေလမှ စတင်ကာ သက်ဆိုင်ရာမြို့နယ် ဦးစီးမှူးရုံးများတွင် ဆောင်ရွက် ပေးလျက်ရှိကာ ဆက်လက်၍ ရပ်ကွက်နှင့်ကျေးရွာ အုပ်စုများအထိ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုစိုက်ထူသည့် ဘာသာစကားနှစ်မျိုးဖြင့် အသိပေးနှိုးဆော်ထားသည့် ပိုစတာအား နယ်စပ်မြို့ဖြစ်သည်နှင့်အညီ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် မြို့နေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး စိုက်ထူခြင်းဖြစ်ကြောင်းလည်း သိရ သည်။
ကျော်စိုး(ကော့သောင်း)