ကော့မှူး ဒီဇင်ဘာ ၂၀
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ ဌာနဆိုင်ရာများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ ပူးပေါင်း၍ ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်အတွင်း အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ကိုဗစ် -၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူ တစ်ဦး၏ ရင်တွင်းစကားသံအချို့ကို ဖော်ပြလိုက်ရပါသည်။
အဒေါ်နာမည်က ဒေါ်မမကြီးပါ။ အသက်(၆၈)နှစ်ပါ။ မကျီးတန်းရပ်ကွက်မှာနေပါတယ်။ သြဂုတ်လ ၁၀ ရက်နေ့လောက်မှ ကိုဗစ်ရောဂါစဖြစ်တာပါ။ အဲဒီမတိုင်ခင်ငါးရက်လောက်က မိုးမိပြီး ညဘက်မှာ ကိုယ်တွေလက်တွေကိုက်ခဲလာပါတယ်။ နောက်တစ်နေ့မှာ အဖျားကြီးပြီး ရာသီတုပ်ကွေးပုံစံ ဖြစ်ပေါ်ခံစားလာရတယ်။ နှာပိတ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မောပန်းခြင်း ဝေဒနာတွေ ခံစားရတယ်။ အစားအသောက်က အရသာမရှိဘူး၊ စားမဝင် အိပ်မပျော်ခြင်းနှင့် အနံ့အရသာတွေ ပျောက်သွားတယ်။ ဒါနဲ့အိမ်ထဲမှာ အခန်းခွဲပြီး (၂၁)ရက်ကြာ ကုသတယ်၊ အစားအစာ များများစားတယ်၊ အချိန်မှန်အိပ်တယ် ဘာသာရေးလည်း ပိုလုပ်ဖြစ်တယ်၊ Vitamin C ၊ Vitamin D ဆေးဝါးတွေကို ဆရာဝန်ညွှန်ကြားချက်အတိုင်း အချိန်မှန်မှန်သောက်တယ်။ ဒီလိုနဲ့ စဖြစ်တဲ့အချိန်က အရမ်းကြောက်မိတယ်။ အဒေါ်အနေနဲ့ ပြောချင်တာကတော့ အိပ်ရေး ဝဝအိပ်ပါ။ အားရှိတဲ့အစားအစာကို အချိန်မှန်မှန်စားပါ။ ကိုဗစ်-၁၉ ရောဂါ သံသယ လက္ခဏာ ဖြစ်ပေါ်လာပါက လုံးဝမကြောက်ပါနဲ့ စိတ်ကိုတင်းထားပါ။ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ညွှန်ကြားချက်များနှင့် အညီ နေထိုင်ပါ။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပါ။ ကိုယ်လက်လေ့ကျင့်ခန်း တစ်ခုခုလုပ်ပါ။ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားပါက စနစ်တကျ ကုသပါလို့ ပြောချင်ပါတယ်ရှင်။
ကျော်သူရ ကော့မှူး