အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား ရိုးရာလှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

ဘားအံ    ဒီဇင်ဘာ    ၂၀

၂၀၂၁ ခုနှစ် ကရင်ပြည်နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ရိုးရာလှေလှော် ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်ပွဲများ နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမရှေ့ ကန်သာယာ၌ ကျင်းပရာ အမျိုးသား/အမျိုးသမီး ၅ တက်လှော်ပြိုင်ပွဲ၊ ၃ တက်လှော်ပြိုင်ပွဲနှင့် တစ်ဦးချင်းပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များကို ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးသိန်း ကိုကို၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အားကစား ဝါသနာရှင်များ တက်ရောက် အားပေး ကြည့်ရှုခဲ့ကြသည်။

ဗိုလ်လုပွဲစဉ်များအဖြစ် အမျိုးသား/အမျိုးသမီး ပွဲစဉ်ပေါင်း ၆ ပွဲကို ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဗိုလ်လုပွဲစဉ်များ အပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးဇော်ဌေးက ရေပြင်သက်ကယ်အဖွဲ့အား ဂုဏ်ပြုဆုများကို လည်းကောင်း၊ ပြည်နယ်အားကစားနှင့်ကာယပညာ ဦးစီး ဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်က ပြိုင်ပွဲတွင်ပံ့ပိုးကူညီပေးသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ် အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ် ဦးသိန်းကိုကိုတို့က အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသားတစ်ဦးချင်း ပြိုင်ပွဲ၊ အမျိုးသမီး သုံးယောက် တွဲပြိုင်ပွဲ၊ အမျိုးသားသုံးယောက်တွဲပြိုင်ပွဲနှင့် အမျိုးသမီး(၅)ယောက်တွဲ ပြိုင်ပွဲ၊ အမျိုးသား(၅) ယောက်တွဲ ပြိုင်ပွဲတို့ တွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသော အသင်းများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အမျိုးသား(၅)ယောက်တွဲ ပြိုင်ပွဲတွင် ပထမဆုရရှိသော မြို့မတိုက်နယ် လှေလှော်အသင်းအား ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့ကာ ဆုချီးမြှင့်ပွဲအပြီးတွင် ဆုရလှေလှော် အသင်းများနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်၊ ကျော်ဇေယျလမ်း (ဆေးရုံအနောက်) အား ၂၄ ပေအကျယ် အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရေး အတွက် အရှည် ၃၄၀ ပေ၊ အကျယ် ၆ ပေ၊ ထု ၆ လက္မရှိ ကွန်ကရစ်လမ်းသား အဆင့်မြှင့်တင်တိုးချဲ့နိုင်ရေး သွားရောက်ကြည့်ရှု့စစ်ဆေးရာ ပြည်နယ်စည်ပင်သာ ယာရေးအဖွဲ့ ညွှန်ကြားရေးမှူး သူရမြင့်သူနှင့် တာဝန်ရှိသူများက အဆိုပါလုပ်ငန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကန်သာယာပတ်လမ်း Decking ပြုလုပ်ခြင်းလုပ်ငန်း( ၇၀ ပေ x ၃၅ ပေ) ကိုလည်ကောင်း၊ ဘားအံမြို့ အမှတ်(၉)ရပ်ကွက် ဇွဲကပင်ကုန်း(၃)လမ်း အရှည် ၉၄၈ ပေ၊ အကျယ် ၁၆ ပေ၊ ထု ၆ လက္မ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကိုလည်ကောင်း၊ ဘားအံမြို့ အမှတ်(၄)ရပ်ကွက်ရှိ ကန်သာယာ လူကူးတံတား အရှည် ၁၁၀၀ ပေ၊ အကျယ် ၆ ပေ တည်ဆောက်မည့်နေရာကိုလည်ကောင်း သွားရောက် ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)