ကျေးသီး ဒီဇင်ဘာ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက ၂၀၂၁-၂၀၂၂ခု ခြောက်လတာ ဘဏ္ဍာရေးနှစ် ကာလအတွင်း ကျေးရွာတစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ပံ့ပိုးရန်ပုံငွေ ကျပ်သိန်း (၁၀၀)၊ ကျေးရွာ ပြည်သူထည့်ဝင်ငွေများ၊ လုပ်အားများဖြင့် ကျေးရွာ( ၂ )ရွာ၌ ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကိုယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများမှ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ပထမဦးစွာ ကျေးသီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးနိုင်နှင့်ဝန်ထမ်းများသည် ဖိုင်မောင့် ကျေးရွာတွင် အလျား ၂၀၅၀ ပေ၊အနံ ၁၂ ပေ၊ထု ၆ လက်မ ရှိ မြေသားလမ်းစတင်ဖောက်လုပ်နေမှုကိုလည်းကောင်း ၊လွယ်စန်ကျေးရွာတွင် အလျား ၅၂၀ပေ၊ အနံ ၁၂ပေ၊ထု ၆ လက်မ ရှိသော ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း စတင်ဆောင်ရွက် နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာရှိ ရပ်မိရပ်ဖများ၊ ကော်မတီဝင် များနှင့်တွေ့ဆုံကာ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယခုဘဏ္ဍာရေးနှစ်တွင် ကျေးသီးမြို့နယ်၌ အဆိုပါ ကျေးရွာ( ၂ )ရွာ အပါအဝင် နားပန်၊ဝမ်မိုင်၊ပန် နောင်၊ဝမ်တာနှင့်ပါခိုင်းလုံကျေးရွာများတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့် ဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး ဦးအေးနိုင်ထံမှ သိရသည်။
နန်းမွမ်းဆိုင်(ကျေးသီး)