မြိတ် ဒီဇင်ဘာ ၁၉
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေများဖြင့် ကျေးရွာများ လျှပ်စစ် ဓာတ်အား ရရှိရေးအတွက်(၁၁)ကေဗီဓာတ်အားလိုင်း၊ (၄၀၀)ဗို့ဓာတ်အားလိုင်းနှင့် ထရန်စဖော်မာများ တည်ဆောက်ပြီးစီးခဲ့သည့် မြိတ်မြို့နယ် မဇောကျေးရွာအုပ်စုရှိ ကျေးရွာ (၁၄)ရွာတွင်(၂၄)နာရီ လျှပ်စစ်ဓာတ်အားရရှိပြီး ကျေးရွာပြည်သူများမှ မြို့ပြနှင့် တန်းတူ လျှပ်စစ်မီးအသုံးပြုနိုင်ပြီ ဖြစ်ကြောင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ သိရသည်။
လျှပ်စစ်မီးလင်းရေးဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ(၁၉)ရက် နံနက်ပိုင်းက မဇောမရင်း ကျေးရွာ စာသင်ကျောင်း၌ ကျင်းပခဲ့ရာ ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံ ဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးခင်မောင်မြင့်က အဖွင့်အမှာစကား ပြောကြားပြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာကအမှာ စကားပြောကြား သည်။ ထိုနောက် မြိတ်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးမျိုးနိုင်ဝင်းက မဇောကျေးရွာ အုပ်စု အတွင်းရှိ ကျေးရွာများ မီးလင်းရေး ဆောင်ရွက်ခဲ့မှုများအား ရှင်းလင်းတင်ပြပြီး ကျေးရွာပြည်သူ လူထုကိုယ်စား ဦးစောထွန်းဂယ်က ကျေးဇူး တင်စကားပြန်လည် ပြောကြားခဲ့သည်။
ကျေးရွာများ လျှပ်စစ်မီးလင်းရေးအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ တိုင်းဒေသကြီး လျှပ်စစ် အင်ဂျင်နီယာ ဦးဝင်ဗိုလ်၊ မြိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်နှင့် မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာမင်းတို့က မဇောမရင်း ကျေးရွာရှိ ထရန်စဖော်မာ အရှေ့တွင် ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးများက ဒေသခံ တိုင်းရင်းသားများအား ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့သည်။
ကျေးရွာများ လျှပ်စစ်ဓာတ်အားရရှိရေးနှင့် ကျေးရွာပြည်သူများ (၂၄)နာရီလျှပ်စစ်မီး သုံးစွဲ နိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေများဖြင့် (၂၀၁၈)ခုနှစ်မှ (၂၀၂၁)ခုနှစ် အထိ မဇောကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၁၄)ရွာတွင် (၁၁)ကေဗီ ဓာတ် အား လိုင်း(၁၀.၈)မိုင်၊ (၄၀၀)ဗို့ဓာတ်အားလိုင်း(၁၀.၃)မိုင်နှင့် ထရန်စဖော်မာ (၁၂)လုံးကို မြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ တည်ဆောက်/တပ်ဆင် ပေးနိုင်ခဲ့ပြီး ကျေးရွာပြည်သူများအတွက် အိမ်သုံးမီတာ(၁၁၁၈)လုံးကို တပ်ဆင် ဆောင်ရွက် ပေးခဲ့ပြီး ဖြစ်၍ ကျေးရွာပြည်သူများက လျှပ်စစ်မီးကို မြို့ပြနှင့်တန်းတူ (၂၄)နာရီ လျှပ်စစ်မီး သုံးစွဲနိုင်ပြီဖြစ်ကြောင်း သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )