ရန်ကုန် သြဂုတ် ၂၃
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ မိုးစပါးမျိုးသန့်မျိုးစေ့ထုတ်တောင်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်သီရိဇေယျနော်ရထာခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အမှတ်(၂) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွေးတင် နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေး တို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးမျိုးသူ က တောင်သူများအား စိုက်ပျိုးရေးဆိုင်ရာ ထိခိုက်ဆုံးရှုံးမှုမရှိစေရေး ၊ စိုက်ပျိုးရေးနှင့် ပတ်သက်သော လိုအပ်သည့် စိုက်ပျိုးနည်းစနစ်များ ပံ့ပိုးကူညီပေးနိုင်ရေး၊ တောင်သူများ ဝင်ငွေတိုးစေမည့် မျိုးသန့်မျိုးစေ့ အသုံးပြုခြင်းဖြင့် စပါးအထွက်နှုန်းကောင်းမွန်စေရေးအတွက် ရည်ရွယ်ပြီး ဒေသခံတောင်သူများအား ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှုအစီအစဉ်အရ ထောက်ပံ့ငွေ ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ် CERP မျိုးစေ့ထုတ် အသင်းအစုအဖွဲ့ တောင်သူများပါဝင်သည့် ကျေးရွာ ၁၄ ရွာရှိ တောင်သူ ၃၂ ဦးတို့၏ စိုက်မြေဧက(၂၀၂) ဧက အတွက် ထောက်ပံ့ငွေကျပ် ၁၇၂၇၁၀၀၀ ကို ပထမအကြိမ် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရသည်။
ကိုဗစ်-၁၉ ကာလအတွင်း တောင်သူများအား စိုက်ပျိုးရေးဆိုင်ရာ ထိခိုက်ဆုံးရှုံးမှုမရှိစေရေး၊ စိုက်ပျိုးရေးနှင့် ပတ်သက်သော လိုအပ်သည့် စိုက်ပျိုးနည်းစနစ်များကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပံ့ပိုးကူညီပေးသွားမည်ဖြစ် ကြောင်းသိရသည်။
နိုင်လင်းကျော်(ဒလ)