ကျောက်မဲ ဒီဇင်ဘာ ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်း ကျောင်းတွင် ယမန်နေ့နံနက် ၉ နာရီခွဲ အချိန်က တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်း စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွှန့်ရွှေက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ ပြည်နယ်မှူး ဦးသက်နိုင်ဦးက သင်တန်းဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။
ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး ဝင်ငွေများတိုးတက်ရရှိစေရန် ရည်ရွယ်၍ ယင်းသင်တန်းကို သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ရှမ်းပြည်နယ် အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် သစ်သီးယို၊ သစ်သီးဖျော်ရည်နှင့် သစ်သီးဝိုင် အမျိုးအစားပေါင်း ၁၈ မျိုးတို့၏ ပြုလုပ်နည်းများကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းကာလမှာ ရက်သတ္တပတ် တစ်ပတ် ကြာမြှင့်မည်ဖြစ်ကြောင်း ၊ အဆိုပါသင်တန်းသို့ သင်တန်းသား ၂၀ ဦးတက်ရောက် သင်ကြားလျက်ရှိကြောင်း ကျောက်မဲမြို့နယ်၊ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်း ကျောင်းအုပ် ဦးစိုင်းမင်းထွန်း၏ ပြောကြားချက်အရ သိရသည်။
မိုင်းထွန်း (ပြန်/ဆက်)