လမ်းမတော် ဩဂုတ် ၂၃
လမ်းမတော်မြို့နယ် UMFCCI တွင် European Chamber of Commerce Myanmar, (Euro Cham Myanmar)Automotive Advocacy Group မှ Business Development Manager, Ms.Gerdien Velink နှင့် အဖွဲ့ဝင်များသည် မြန်မာနိုင်ငံ၌ ပြည်ပမှတင်သွင်းသည့် မော်တော်ယာဉ်များ အပေါ်အခွန်အခလျှော့ချခြင်းနှင့် စပ်လျဉ်း၍ ဆွေးနွေးရန် ယမန်နေ့ညနေပိုင်းတွင် အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းနှင့် အမှုဆောင်များထံ လာရောက်တွေ့ဆုံခဲ့သည်။
တွေ့ဆုံရာတွင် မော်တော်ယာဉ်မှတ်ပုံတင်ခနှုန်းထားများကို လျှော့ချကောက်ခံခြင်းကြောင့် ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်သည့် မော်တော်ယာဉ်လုပ်ငန်းများ အပေါ်သက်ရောက်လာနိုင်မှုများ၊ ပြည်တွင်း၌ SKD စနစ်နှင့် CKD စနစ်တို့ဖြင့် မော်တော်ယာဉ်တပ်ဆင်ထုတ်လုပ်ရောင်းချသည့်လုပ်ငန်းများ ရေရှည်ရှင်သန်လုပ်ကိုင်နိုင်ရန်နှင့် ပြည်တွင်းသို့ ထပ်မံလာရောက်ရင်းနှီးမြှုပ်နှံမည့် မော်တော်ယာဉ်ထုတ်လုပ်မှုလုပ်ငန်းများ အဟန့်အတား မဖြစ်စေရေးအတွက် လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးအေးထွန်း၊ အမှုဆောင်အရာရှိချုပ် ဦးတင့်ဆွေ၊ Automotive Association of Myanmar မှ ဥက္ကဋ္ဌ ဦးအောင်ဝင်း၊ ဒုတိယ ဥက္ကဋ္ဌ ဦးခင်ထွန်းတို့ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန)သည် ဩဂုတ်လ (၇) ရက်နေ့တွင် COVID-19 ကြောင့်ဖြစ်ပေါ်လာသော စီးပွားရေးကျဆင်းမှုများကို ကုစားသည့်အနေဖြင့် ပြည်ပတင်သွင်းသည့် လူစီးမော်တော်ယာဉ်များအတွက် မူလတန်ဖိုး (FOB) အပေါ် ကောက်ခံလျက်ရှိသည့် ယာဉ်မှတ်ပုံတင်ခနှုန်းထားများကို လျှော့ချကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဆန်းမြင့်