ကျောက်ဆည်မြို့တွင် နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်တစ်ပါး ရွေးချယ်ခြင်း အခမ်းအနားကျင်းပ

ကျောက်ဆည်၊ ဒီဇင်ဘာ  ၁၉

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ ဖောင်ရွာရပ်ကွက် နေလသုခဓမ္မာရုံတွင် ယမန်နေ့မွန်းလွဲ (၁)နာရီက နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော် (၁)ပါး ရွေးချယ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရှိရသည်။

အခမ်းအနားတွင် နိုင်ငံတော်ဩဝါဒါစရိယဆရာတော် ရွေးချယ်ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဩဝါဒါစရိယ ဘဒ္ဒန္တရေတဝ မြို့ဦးစာသင်တိုက်၊ မြစ်သားမြို့နယ် ဆရာတော်ကြီးနှင့် နိုင်ငံတော် သံဃ မဟာ နာယကအဖွဲ့ဝင် ဆရာတော်ကြီးများ၊ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ဘဒ္ဒန္တစကိ္ကန္ဒာဘိဓဇ ကုန်းမြင့်သာ ကျောင်းတိုက်ဆရာတော်ကြီးနှင့် မြို့နယ်သံဃနာယကအဖွဲ့ဝင်ပင့် သံဃာဆရာတော်ကြီး (၈)ပါး ကြွရောက်တော် မူ ခဲ့ကြောင်း သိရှိရသည်။

 

နိုင်ငံတော်ဩဝါဒါစရိယဆရာတော် ရွေးချယ်ရာတွင် သက်တော်(၈၆)နှစ်၊ ဝါတော်(၆၆)ဝါ ရှိ ဧရာဝတီ ပရိယတိ္တစာသင်တိုက်မှ ဦးစီးပဓာန ဘဒ္ဒန္တပါမောက္ခာ ဆရာတော်ကြီးအား နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်အဖြစ်ရွေးချယ်ရန် မြစ်သားမြို့ အဘယာရာမ ရွာဦးကျောင်းမှ ဦးစီးပဓာန ဘဒ္ဒန္တဥတ္တရ ဆရာတော်မှ အဆိုပြုတင်သွင်း လျောက်ထားခဲ့ပြီး ကျောက်ဆည်မြို့  မဟာဝိသုတာရာမ ဘဒ္ဒန္တခေမိန္ဒာ စာရ ဆူးကုန်းကျောင်းတိုက် ဆရာတော်ကြီးက ထောက်ခံအတည်ပြုအဆို တင်သွင်းလျောက်ထားခဲ့ရာ ကန့်ကွက်မည့်သံဃာတော် မရှိသဖြင့် ဧရာဝတီပရိယတိ္တစာသင်တိုက်မှ ဦးစီးပဓာန ဘဒ္ဒန္တပါမောက္ခာ ဆရာတော်ကြီးအား နိုင်ငံတော် ဩဝါဒါစရိယ ဆရာတော်အဖြစ် မြို့နယ်သံဃနာယအဖွဲ့က အတည်ပြု ခဲ့ပြီး ဗုဒ္ဓသာသနံစိရံတိဌတု သုံးရွတ်ဆိုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)