ကလိန်အောင် ဒီဇင်ဘာ ၁၉
“လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဟူသည့် ဆောင်ပုဒ်နှင့်အညီ နိုင်ငံသားတိုင်း ဥပဒေအရ ကိုင်ဆောင်သင့်သည့် လက်မှတ်တစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေးအတွက် ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းကို ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ မိကျောင်းလှောင်းကျေးရွာ အခြေခံပညာ မူလတန်းကျောင်း၌ ယမန်နေ့ နံနက် ၉ နာရီအချိန်က အခမဲ့ကွင်းဆင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ရေဖြူမြို့နယ် လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးမြင့်နှင့် ၀န်ထမ်းများက ကလိန်အောင်မြို့ မိကျောင်းလှောင်း ကျေးရွာအတွင်း နေထိုင်လျက်ရှိသည့် ကျေးလက်နေ ပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားကို အသက်(၁၀)နှစ်ပြည့်၊ အသက်(၁၈) နှစ်ပြည့် ပြုလုပ်ပေးခြင်း၊ အသက်(၁၈)နှစ်ပြည့် လဲလှယ်ပေးခြင်း၊ အိမ်ထောင်စု လူဦးရေစာရင်း ပြုလုပ်ပေးခြင်းတို့အား ဆောင်ရွက်ပေးခဲ့ရာ အသက်(၁၀)နှစ်နှင့် (၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား စုစုပေါင်း(၇၈)ဦးနှင့် အိမ်ထောင်စု (၁၀)စုတို့အား အိမ်ထောင်စုစာရင်း ထုတ်ပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ပန်းခင်းစီမံချက် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မိုးမိုးခိုင်