ကျောက်ဆည် ဩဂုတ် ၂၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ရွှေလေးကျေးရွာတွင် သောက်သုံးရေဖူလုံရေးအတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အဝီစိစက်ရေတွင်းတူးဖော်ပေးခဲ့ရာ ယခုအခါ ရေများရရှိပြီ ဖြစ်သဖြင့် ကျေးရွာသူ၊ ရွာသားများ ပျော်ရွှင်လျက်ရှိကြောင်း သိရှိရသည်။
အဆိုပါကျေးရွာသည် မင်းမွေးတောင်ခြေရင်းတွင်တည်ရှိပြီး ရေရှိရေးအတွက် ရှေးယခင်ကတည်းက ရေတွင်းများတူးဖော်ခဲ့သော်လည်း မြေအောက်တွင်ကျောက်သားများရှိသဖြင့် မြေအောက်ရေသုံးစွဲနိုင်မှု မရှိကြောင်း၊ ထို့ကြောင့် ရွာသူ၊ ရွာသားများသည် သောက်သုံးရေရရှိရေးအတွက် ကျေးရွာအနီးရှိ စိုက်ပျိုးရေပေးဝေသည့် ရိုးအမှတ်(၂)၊ လူးတားမြောင်းဘေးတွင် စိမ့်တွင်းတူးကာ ရေများသုံးစွဲနေရကြောင်း သိရှိရသည်။
ထို့ကြောင့် အဆိုပါ ကျေးရွာပြည်သူများ သောက်သုံးရေဖူလုံစေရေးအတွက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၂၀၁၉-၂၀၂၀)ဘဏ္ဍာနှစ် ငွေလုံးငွေရင်း အသုံးစရိတ်ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၂၂.၀၅) ဖြင့် (၄) လက်မအကျယ် တွင်းနက်စက်ရေတွင်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနပိုင် DRD JICA DTH တွင်းတူးစက်ကြီးဖြင့် တူးဖော်ခဲ့ရာ ယခုအခါရေများရရှိပြီး တစ်နာရီလျှင် ရေဂါလံ (၁၈၀၀) ထွက်ရှိသောကြောင့် ကျေးရွာပြည်သူများအတွက် ရေဖူလုံတော့မည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ရွှေလေးကျေးရွာတွင် အိမ်ခြေ (၂၇၅) အိမ်ရှိပြီး လူဦးရေ (၁၂၄၆) ဦးနေထိုင်ကာ ယခင်က နွေရာသီ ရောက်တိုင်း ရေအခက်အခဲရှိသော ကျေးရွာတစ်ရွာဖြစ်ကြောင်းလည်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)