ဟိုပုံး ဒီဇင်ဘာ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် ကျောက္ကချား စံပြကျေးရွာ၊ ခမ်းထွန့်ကာ့ ကုန်းပေါ်၌ "ခမ်းတန်ထွန်ကာ အောင်မင်္ဂလာဓမ္မာရုံတော်" ရေစက်ချပွဲ ကို ဒီဇင်ဘာလ ၁၈ ရက် နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ တောင်ကြီးမြို့၊ အောင်မင်္ဂလာကျောင်းတိုက် ဦးစီးပဓာန နယက ဆရာတော်ဘုရားကြီး အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဉာဏဝံသနှင့် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ညီညီတင်တို့က "ခမ်းတန်ထွန်ကာ အောင်မင်္ဂလာ" ဆိုင်းဘုတ်တင် မင်္ဂလာပြုပြီးနောက် ဆရာတော်သံဃာတော်ကြီးများ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် အလှူရှင်များတို့က "ဇယန္တော ဗောဓိယာ မူလေ"အစရှိသော အောင်ဂါထာတော်ဖြင့် "ခမ်းတန်ထွန်ကာ အောင်မင်္ဂလာဓမ္မာရုံတော်" မော်ကွန်းကမ္ဗည်းကျောက်စာအား အမွှေးနံ့သာရည်များ ပက်ဖျန်းကြသည်။
ယင်းနောက် ဓမ္မာရုံကြီး၌ ဆရာတော်သံဃာတော်ကြီး၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဒေသ/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အလှူရှင်များနှင့် ဒေသခံ ပအိုဝ်းတိုင်းရင်းသား မိဘပြည်သူများတို့က "နမောတဿ" သုံးကြိမ်ဘုရား ကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ကာ ကျောင်းဒါယကာ ဦးကောဝိဒက နတ်၊ ဗြဟ္မာများအား ပင့်ဖိတ်ပြီးနောက် ဧည့်ပရိသတ်များက ဩကာသကန်တော့ချိုးဖြင့် ရွတ်ဆိုကန်တော့ကြပြီး တောင်ကြီးမြို့၊ အောင်မင်္ဂလာကျောင်းတိုက် ဦးစီးပဓာန နယက ဆရာတော်ဘုရားကြီး အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဉာဏဝံသထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး၊ ဆရာတော် သံဃာတော်များမှ ပရိတ်မေတ္တာ တရားတော်မြတ်ကို ရွတ်ဖတ်သရဇ္ဈာယ်ချီးမြှင့်ပေးသည်။
ထို့နောက် တောင်ကြီးမြို့၊ အောင်မင်္ဂလာကျောင်းတိုက် ဦးစီးပဓာန နယက ဆရာတော် ဘုရားကြီး အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဉာဏဝံသထံမှ အနုမောဒနာတရားတော် နာယူကြပြီး လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကာ လှူဖွယ်အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။
ဓမ္မာရုံရေစက်ချပွဲတွင် တောင်ကြီးမြို့၊ အောင်မင်္ဂလာကျောင်းတိုက် ဦးစီးပဓာန နယက ဆရာတော် ဘုရားကြီးနှင့် အလှူရှင် တောင်ကြီးမြို့နေ ဦးခွန်ထွန်းအောင်+ဒေါ်နန်းအေးကြည် မိသားစုတို့က ပင့်ကျောင်း(၄၃)ကျောင်း၊ တက်ရောက် လာသည့် ဧည့်ပရိသတ်များနှင့် ကျောက္ကချားစံပြကျေးရွာရှိ အိမ်ခြေ(၈၀၀)အတွက် အလိုတော်ပြည့် ဘုရားဆင်းတုတော်များ ပေးအပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထက်ထက်(ဟိုပုံး)